အင်္ကျီအရောင်နုနုလေးတွေ ဒါမှမဟုတ် ကြိုက်တဲ့အင်္ကျီလေးတွေက ဘယ်လောက်မှမဝတ်ရသေးဘဲနဲ့ အရောင်လွင့်ပြီး ဟောင်းသွားသလိုမျိုး ခံစားနေရလား ? ဒီလိုမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

အဝတ်လျှော်တဲ့အခါ အရောင်ရင့်တာနဲ့ နုတာကိုခွဲပြီး‌ လျှော်ပေးပါ။ ဒါမှ အရောင်စွန်းတာ ၊ အရောင်လွင့်တာကို သက်သာစေမှာပါ။

အဝတ်မလျှော်ခင်နဲ့ လျှော်ပြီး လှန်းတဲ့အခါ အဝတ်အစားတွေကို အတွင်းအပြင်လှန်ဖို့က အရေးကြီးပါတယ်။ ဒါမှ နေရောင်နဲ့တွေ့တဲ့အခါ အရောင်လွင့်တာကို ကာကွယ်နိုင်မှာပါ။

အဝတ်မှာပါတဲ့ Labels ကို မလျှော်ခင်သေချာဖတ်ပါ။ သူ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း လျှော်တာက အဝတ်အစားပျက်စီးမှုကို လျော့ကျစေပါတယ်။

အဝတ်လျှော်စက်ထဲထည့်တဲ့အခါ အဝတ်တွေအများကြီးထည့်တာကြောင့် အဝတ်တွေကြပ်ပြီး သန့်ရှင်းမှုမရှိတော့တဲ့အပြင် အဝတ်တွေလုံးထွေးကုန်တာက အဝတ်အစားရဲ့အရောင်ကို အကျမြန်စေပါတယ်။ ဒါကြောင့် အရောင်ပျက်စီးမှုကို လျှော့ချပေးဖို့အတွက် အဝတ်လျှော်စက်ထဲ အများကြီးမထည့်ပါနဲ့။

အဝတ်လျှော်တဲ့အခါ နွေးနေတဲ့ရေက ရေအေးထက် အဝတ်တွေကို မြန်မြန်အရောင်ဖျော့စေပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ အပူချိန် 30°C အောက်ရှိတဲ့ရေနဲ့လျှော်တာက အဝတ်တွေကို ပိုပြီးတာရှည်ခံစေပါတယ်။ ဒါပေမယ့် အိပ်ယာခင်း၊ မျက်နှာသုတ်ပဝါ၊ အတွင်းခံနဲ့ ခေါင်းအုံးစွပ်တွေကိုတော့ ရေနွေးနွေးလေးနဲ့ လျှော်လို့ရပါတယ်။

အဝတ်အစားတွေကို အခြောက်ခံစက်နဲ့အခြောက်ခံတဲ့အခါ အပူများလွန်းရင် အဝတ်အစားတွေရဲ့ အရောင်တွေကို မှိန်သွားစေတတ်ပါတယ်။ အထူးသဖြင့် အနက်ရောင်နဲ့ အရောင်ရင့်တွေပါ။ ဒါကြောင့် စက်နဲ့အခြောက်ခံတဲ့အခါ Overdry မဖြစ်ဖို့ ဂရုစိုက်ပါ။

အဝတ်လျှော်စက်ထဲ အနံ့မပါတဲ့ ရှာလကာရှည်နည်းနည်းထည့်ပြီး လျှော်ပေးရင် အဝတ်တွေကို သဘာဝအတိုင်းပျော့စေတဲ့အပြင် အရောင်ကျတာကိုလည်း ကာကွယ်ပေးပါတယ်။

အဝတ်အစားတွေရဲ့အရောင်ကို တတ်နိုင်သမျှကြာရှည်ခံစေချင်ရင်တော့ အဝတ်အစားအရောင်ကျတာကို ကာကွယ်ပေးတဲ့ဆပ်ပြာကိုသုံးပြီး လက်နဲ့ဖြည်းဖြည်းချင်းလျှော်ပေးပါ။