ခရီးသွားတော့မယ်ဆိုရင် မေ့ကျန်ခဲ့တာတွေ၊ အဆင်မပြေတာတွေ မရှိရလေအောင် အရာရာကို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ ဒါကြောင့် အစစအရာရာ အားလုံးအဆင်ပြေအောင် ခရီးမသွားခင်မှာ သတိထားပြီး ကြိုတင်ပြင်ဆင်သွားသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ကားမောင်းရမယ့်သူ၊ ခရီးသွားကားပေါ်မှာ မအိပ်တတ်တဲ့သူတွေက ခရီးမသွားခင်မှာ အိပ်ရေးဝအောင် ကြိုအိပ်ထားပါ။ ဒါမှ ခရီးပန်းတာမျိုးမဖြစ်မှာပါ။ ကားမောင်းရမယ့်သူဆို ပိုဆိုးပါတယ်။ အိပ်ငိုက်ရင် ဒုက္ခရောက်မှာပါ။ ပုံမှန်သူတွေကတော့ ခရီးသွားကားပေါ်မှာ အိပ်ရေးဝအောင် သေချာအိပ်ပါ။ မအိပ်ရင် ခရီးပန်းနေမှာပါ။

အစားအသောက်ဂရုစိုက်ပါ

ခရီးသွားတဲ့အခါမှာ လမ်းမှာအိမ်သာသွားဖို့က သိပ်အဆင်မပြေတော့ အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ အပူအစပ်တွေ၊ ဝမ်းသွားစေမယ့် အစားအစာတွေကို မစားထားပါနဲ့။ အရည်တွေလည်း အများကြီးမသောက်ပါနဲ့၊ ခဏခဏ အပေါ့သွားချင်ရင် အဆင်မပြေဖြစ်နေမှာပါ။ ကားမူးတတ်တဲ့သူတွေဆိုရင် ဆေးကို အသင့်ဆောင်ထားဖို့ လိုပါတယ်။

ကိုယ်လိုအပ်တာတွေကိုသေချာစစ်ပါ

ခရီးသွားတော့မယ်ဆိုရင် ဘာတွေလိုသေးလဲဆိုတာကို ခဏခဏစစ်ပါ။ ကိုယ်လိုအပ်တာတွေကို မကျန်ခဲ့အောင် တစ်ခုချင်းစီ သေချာထည့်ပါ။ Powder Bank နဲ့ အားသွင်းကြိုးကိုလည်း မေ့လို့မရပါဘူး။

သက်တောင့်သက်သာဖြစ်စေတာကိုဝတ်ပါ

ခရီးသွားတဲ့အခါမှာ သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားကိုပဲ ရွေးဝတ်ပါ။ အချိန်အကြာကြီး တောက်လျှောက် ကားစီးရမှာဆိုတော့ ကိုယ်နေရတာ လွတ်လပ်မှုမရှိရင်၊ သက်တောင့်သက်သာမဖြစ်ရင် အဆင်မပြေပါဘူး။ အဝတ်အစား၊ ဖိနပ်ကအစ သေချာရွေးချယ်ပြီး ဝတ်စားပါ။

သွားမယ့်နေရာကိုကြိုတင် Plan ချထားပါ

ကိုယ်သွားမယ့်နေရာကို ဟိုရောက်မှ အစီအစဉ်ဆွဲမယ် Plan ချမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ တလွဲတွေဖြစ်တာ၊ အဆင်မပြေတာ၊ စိတ်ရှုပ်ရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မသွားခင် ကြိုပြီး အကုန်ပြင်ဆင်သွားမှ ဟိုရောက်ရင် အေးအေးဆေးဆေး ဖြစ်မှာပါ။