ပေါင်းသင်းဆက်ဆံရေးမကောင်းတာက သိပ်ပြီးအဆင်မပြေပါဘူး။ အလုပ်မှာဆို ပိုဆိုးပါတယ်။ သူများထက်ပိုပြီး ခြေတစ်လှမ်းနောက်ကျသလို ဖြစ်စေပါတယ်။ ဒါကြောင့် သင့်ကို ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာအောင် ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ပြုံးပါ

လုပ်ပြုံးတာမျိုးမဟုတ်ပဲ တကယ်ရင်ထဲပါလို့ပြုံးသလိုမျိုး ပြုံးနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်ထဲဖြစ်နေတာကို မျက်နှာမှာမပေါ်အောင် ထိန်းနိုင်ရပါမယ်။ အမြဲပြုံးရယ်ပြီး ကြိုက်လည်းပြုံး၊ မကြိုက်လည်းပြုံးပြီးနေနိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာပါလိမ့်မယ်။

Follow လိုက်ပြောပါ

တစ်ဖက်လူပြောတဲ့စကားကို လက်မခံပဲ အတင်းလိုက်ငြင်းပြီး သူနဲ့အပြိုင် စကားနိုင်လုနေမယ့်အစား သူပြောတာတွေကို ပြုံးပြီး follow လိုက်ပြီး ပြောပေးလိုက်ပါ။ ဒါက ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာအောင် ကူညီပေးမယ့်အရာပါပဲ။

တစ်ဖက်လူပြောတာကိုနားထောင်ပါ

စကားပြောတိုင်းမှာ ကိုယ်ပြောချင်တာတွေချည်းပဲ စွတ်မပြောပါနဲ့။ တစ်ဖက်လူပြောတာကိုလည်း နားထောင်ပေးပါ။ ပြီးမှ ကိုယ်ပြောချင်တာပြောပါ။ တစ်ဖက်လူပြောတာကိုလည်း သေချာအာရုံစိုက်ပြီး စိတ်ဝင်တစားနဲ့ နားထောင်ပါ။ ဂရုမစိုက်သလို နားမထောင်ချင်သလိုပုံစံတွေလုပ်နေတာမျိုး၊ တစ်ဖက်လူစကားပြောတာကို နားထောင်နေပေမယ့် တခြားအရာတွေလုပ်နေတာမျိုးတွေ မလုပ်ပါနဲ့။

စိတ်ထဲရှိတဲ့အတိုင်းမပြောပါနဲ့

နေရာတိုင်းမှာ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်လို့မရပါဘူး။ ပြောသင့်မပြောသင့်အရင်စဉ်းစားပါ။ စကားကိုလှအောင်ပြောပါ။ ကိုယ့်စိတ်ထဲဖြစ်လာတဲ့အတိုင်း ဒေါသထွက်တဲ့အတိုင်း ပြောချလိုက်တာမျိုးက လူအမြင်ကပ်စေတယ်၊ လူမုန်းများစေပါတယ်။

စကားစပြောဖို့ဝန်မလေးပါနဲ့

ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာချင်တယ်၊ ပိုပြီးတိုးတက်လာချင်တယ်ဆိုရင် စကားစပြောဖို့ကို ဝန်မလေးပါနဲ့။ ကိုယ့်ဘက်ကစပြီး စကားပြောရတာကို အောက်ကျတယ်လို့ မထင်ပါနဲ့။ စကားဖောင်ဖွဲ့ပြီးပြောနိုင်လေ၊ ဖော်ရွေလေ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာလေပါပဲ။

စာများများဖတ်ပါ

စာဖတ်တော့ အသိပညာကြွယ်ဝစေတယ်၊ ဗဟုသုတတွေ အတွေးအခေါ်တွေ တိုးတက်လာစေပါတယ်။ လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ၊ ဘယ်လိုစကားတွေနဲ့ တုံ့ပြန်ရမလဲဆိုတာတွေလည်း ပိုပြီးနားလည်သဘောပေါက်လာမယ်၊ သိမြင်လာပါမယ်။ ဒီတော့ အားတဲ့အချိန်မှာ အကျိုးရှိအောင် စာဖတ်တတ်တဲ့ အလေ့အကျင့်လုပ်ပါ။ အကျိုးရှိစေမယ့်စာအုပ်တွေ များများဖတ်ပါ။