ခံတွင်းအနံ့နံတာက အများနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် အလှအပကို ဂရစိုက်မယ်ဆိုရင် သွားနဲ့ခံတွင်းကိုလည်း ပစ်ထားလို့မရပါဘူး။ ဒါကြောင့် ခံတွင်းအနံ့မနံအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

Floss နဲ့သွားကိုသန့်စင်ပေးပါ

သွားကြားညှပ်စေတဲ့ အသားတွေစားပြီးရင် ရေနဲ့အာလုပ်ကျင်းပေးပါ။ ပြီးရင် Floss နဲ့ သွားကြားထိုးပြီး သန့်စင်ပေးပါ။ ခဏခဏလုပ်စရာမလိုပါဘူး။ သွားကြားထိုးတံ မသုံးပါနဲ့။ သွားတွေကြဲလာပါလိမ့်မယ်။ သွားကြားထဲမှာ အစာတွေညှပ်နေရင် ကြာလာတဲ့အခါ ခံတွင်းအနံ့ နံလာမှာပါ။

လျှာကိုတိုက်ပေးပါ

သွားတိုက်တဲ့အခါမှာ သွားပွတ်တံနဲ့လျှာကို တိုက်ပေးတာပဲဖြစ်ဖြစ်၊ လျှာခြစ်တဲ့ဟာနဲ့ ခြစ်ပေးတာပဲဖြစ်ဖြစ် တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။ ခံတွင်းအနံ့နံတာ သက်သာစေသလို ခံတွင်းအနံ့မနံအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

ခံတွင်းမခြောက်ပါစေနဲ့

ခံတွင်းခြောက်ရင်လည်း ခံတွင်းအနံ့နံစေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ ရေသောက်နည်းရင် ခံတွင်းအနံ့နံသလို ဝမ်းလည်းချုပ်ပါတယ်။

သွားတိုက်တံကိုအသစ်လဲဖို့မမေ့ပါနဲ့

သွားတိုက်တံက ၃ လ တစ်ခါ အသစ်လဲပေးရပါတယ်။ မလဲပဲဆက်သုံးနေရင် သွားတိုက်တာပဲရှိတယ် ပြောင်မှာမဟုတ်ပါဘူး။ သွားတိုက်ပြီးမပြောင်ရင် ခံတွင်းအနံ့လည်း ကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် သွားတိုက်တံကို အသစ်လဲဖို့ မမေ့ပါနဲ့။ တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။

အနံ့ဆိုးထွက်စေမယ့်အစားအသောက်တွေရှောင်ပါ

အပေါ်ကအချက်တွေ အားလုံးလုပ်နေပြီး ခံတွင်းအနံ့ဆိုးထွက်စေမယ့် အစားအသောက်တွေ စားနေမယ်ဆိုရင်တော့ ခံတွင်းအနံ့က နံမှာပါပဲ။ ဥပမာ – ကြက်သွန်ဖြူ၊ ဒညင်းသီးလိုမျိုး ခံတွင်းအနံ့ နံစေတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

Dental Checkup ပုံမှန်လုပ်ပါ

ခဏခဏမလုပ်နိုင်ရင်တောင်မှ ၆ လ တစ်ကြိမ်တော့ Dental Checkup ပုံမှန်လုပ်ပေးပါ။ သွားခြစ်သင့်ရင်ခြစ်ရပါမယ်။ Tonsil Stones တွေရှိနေရင် ဖယ်ရပါမယ်။ ဒါတွေက ခံတွင်းအနံ့ နံစေတဲ့အရာတွေပါ။ ဒါကြောင့် Dental Checkup ပုံမှန်လုပ်ဖို့လည်း မမေ့ပါနဲ့။