မိန်းကလေးတိုင်းအတွက် ဓမ္မတာလာချိန်မှာ သိထားသင့်တဲ့အရာတွေ၊ ဘာတွေရှောင်သင့်လဲ၊ ဘာတွေလုပ်သင့်လဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။

မိန်းကလေးအများစုက ဓမ္မတာလာချိန်မှာ၊ လာခါနီးမှာ နာကျင်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်က အရေးအကြီးဆုံးပါပဲ။ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဗိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။ ရာသီသွေးဆင်းပြီး ကိုက်ခဲနေတာတွေလည်း သက်သာစေပါတယ်။

အရမ်းကိုက်ပြီး မခံမရပ်နိုင်အောင် ဗိုက်အောင့်လာရင်တော့ အစာတစ်ခုခုကို ဝင်အောင်စားပြီး အကိုက်ခဲပျောက်ဆေးသောက်ပါ။ ပြီးရင် ဗိုက်နဲ့ခါးကို ပရုပ်ဆီပူနေအောင်လိမ်းပြီး ရေနွေးအိတ် ကပ်ပေးမယ်ဆိုရင် အမြန်ဆုံး သက်သာသွားပါလိမ့်မယ်။

ဓမ္မတာလာနေချိန်မှာ နွေးနွေးထွေးထွေးနေပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။ အရမ်းကိုက်ခဲနေရင် ရေချိုးတဲ့အခါမှာ ရေအေးနဲ့မချိုးပဲ ရေနွေးလေးနဲ့ စိမ်ပြီးချိုးပေးရင် ကိုက်ခဲတာတွေ နည်းနည်းတော့ သက်သာစေပါတယ်။

ဓမ္မတာလာချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း အရမ်းအရေးကြီးပါတယ်။ သွေးဆင်းတာ နည်းနည်း၊ များများ pad တစ်ခုကို တစ်နေကုန်မသုံးပါနဲ့။ ၄ နာရီခြား၊ ၅ နာရီခြား တစ်ခါ ပုံမှန်လဲပေးပါ။ အရည်အသွေးကောင်းတဲ့ pad တွေကိုပဲသုံးပါ။ အရည်အသွေးမကောင်းတဲ့ pad တွေကိုဝယ်သုံးမိရင် မိန်းမကိုယ်ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဓမ္မတာလာချိန်မှာ gym ဆော့မယ့်အစား ယောဂလုပ်ပေးတာက ပိုကောင်းပါတယ်။ ရေများများသောက်ပြီး အိပ်ရေး၀၀အိပ်ပေးဖို့လည်း လိုပါတယ်။

ဓမ္မတာလာချိန်မှာ ကိုက်ခဲတတ်တဲ့သူတွေက သွေးအားကောင်းစေတဲ့ အားဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေကို သောက်ပေးပါ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးပါ။ အသားငါးတွေကိုလည်း အာဟာရဖြစ်အောင် စားပေးရပါတယ်။

ဓမ္မတာလာချိန်နဲ့ လာခါနီးမှာ ကဖင်းဓာတ်ပါတာတွေကို ရှောင်ကြဉ်တာတော့ အကောင်းဆုံးပါပဲ။ ကော်ဖီ၊ အရက်၊ ဘီယာနဲ့ အငံဓာတ်ပါတာတွေကိုလည်း ရှောင်ပေးပါ။ ချုပ်စာတွေကိုလည်း ရှောင်ပေးရပါမယ်။ အဓိကကတော့ လက်ဖက်ပါပဲ။ နွားနို့၊ ချိစ်၊ ခရင်မ်စတာတွေကိုလည်း ရှောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။