ကမ္ဘာပေါ်မှာနေထိုင်နေကြတဲ့ လူမျိုးတိုင်းလိုလိုမှာ မတူညီတဲ့ အယူသီးမှု (သို့) အစွဲအလန်း တွေရှိကြပါတယ်။ တစ်ချို့အယူလေးတွေက ပုံမှန်သာဖြစ်ပေမယ့် တစ်ချို့သောလူမျိုးတွေရဲ့ အယူတွေက စိတ်ဝင်စားစရာကောင်းပြီး တစ်ချို့တွေကျတော့ အံ့အားသင့်စရာကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားဖွယ်ရာ အယူသီးမှူတွေအကြောင်း ပြောပြပေးသွားမှာပါ။

ကြောင်နက်

Photo: Reader’s Digest

အနောက်နိုင်ငံတော်တော်များများရဲ့ ယဉ်ကျေးမှုမှာ ကြောင်နက်တွေဟာ ကံကြမ္မာဆိုးကို ဆောင်တယ်လို့ အယူရှိကြပါတယ်။ အလယ်ခေတ်လောက်ကတည်းက အောက်လမ်းစုန်းနဲ့ ဆက်စပ်တယ်လို့ ယူဆခဲ့ကြပါတယ်။ စုန်းကိစ္စတွေပါတဲ့ ရုပ်ရှင်တော်တော်များများမှာလည်း ကြောင်နက်တွေကိုပဲ အသုံးပြုထားတာကို တွေ့မြင်နိုင်မှာပါ။

အနောက်နိုင်ငံက လောင်းကစားသမားတော်တော်များများဟာ ကြောင်နက်ကြိမ်စာကို အရမ်းကြောက်ကြပါတယ်။ ကာစီနိုကို သွားတဲ့လမ်းမှာ ကြောင်နက်တစ်ကောင်ကောင်တွေ့ခဲ့ရင် အဲ့နေ့အတွက် လုံးဝလောင်းကစားမလုပ်တော့တဲ့ အထိပါပဲ။ ဒါပေမယ့် တစ်ချို့သောနိုင်ငံ ဥပမာ ဂျပန်၊ ဗြိတိန်နဲ့ အိုက်ယာလန် နိုင်ငံတွေမှာတော့ ကြောင်နက်တွေက ကံကောင်းမှုတွေ သယ်ဆောင်လာတယ်လို့ အယူရှိကြပါတယ်။

နံပါတ် (၁၃)

Photo: Verywell Mind

နံပါတ် (၁၃) က ကံဆိုးစေတဲ့ နံပါတ်ဖြစ်တယ်လို့ လူတော်တော်များများက ယူဆထားကြပါတယ်။ ဒါပေမယ့် ဒီလိုယူဆရတဲ့ အဓိကအကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ (၁၃) ရက်နေ့နဲ့ သောကြာနေ့တစ်ထပ်တည်းကျနေတာကိုလည်း ကံဆိုးနိမိတ်ဆိုးလို့ သတ်မှတ်ကြပါတယ်။

ခရစ်တော်ရဲ့ နောက်ဆုံးညစာစာပွဲမှာ သစ္စာဖောက်ယုဒဟာ နံပါတ် (၁၃) ယောက်မြောက်မှာထိုင်နေတာရယ် ပြီးတော့ မကောင်းတဲ့ နက်ဘုရားလိုကီက နံပါတ် (၁၃) ယောက်မြောက် နက်ဘုရား ဖြစ်နေတာရယ်ကြောင့် ခရစ်ယာန်ဘာသာ နဲ့ဆက်စပ်နေတယ်လို့တစ်ချို့က ထင်ကြေးပေးကြပါတယ်။ တစ်ချို့သော အဆောက်အအုံတွေမှာဆိုရင် (၁၃) ထပ်ဆိုတာမရှိပါဘူး။ (၁၂) ထပ်အထိသာရှိပြီး (၁၂) ထပ်ကျော်တာနဲ့ (၁၄) အဖြစ်သတ်မှတ်ထားကြပါတယ်။

မှန်ကွဲ

Photo: Two Way Mirror

မှန်တစ်ခါကွဲတာက လူတစ်ယောက်ကို (၇) နှစ်ခန့်ကံဆိုးစေတယ်လို့ အယူအဆရှိပါတယ်။ ဒါကတော့ မှန်တွေက စိတ်ဝိညာဉ်တွေကို ဖမ်းယူထားတာနဲ့ ဆက်စပ်နေပါတယ်။ မှန်ကွဲတာနဲ့ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းလည်း ကျိုးပြတ်သွားတယ်လို့ ယူဆကြတာပါ။ တချို့ယဉ်ကျေးမှုတွေမှာ အိမ်မှာ လူတစ်ယောက်ကွယ်လွန်ပြီဆိုရင်အဲ့ဒီလူရဲ့ ဝိညာဉ် လွတ်ရာကျွတ်ရာသွားနိုင်အောင် ရှိသမျှ မှန်ချပ်တွေကို ဖုံးကာထားကြတယ်။ ဒီလိုမလုပ်ရင် သေသူရဲ့ ဝိညာဉ်ဟာ မှန်ထဲမှာ ပိတ်မိသွားနိုင်တယ်လို့ ယူဆထားတာကြောင့်ပါ။

လှေကားအောက်ဖြတ်လျှောက်ခြင်း

Photo: PxHere

လှေကားအောက်ကနေ လမ်းဖြတ်လျှောက်သွားခြင်းက ကံဆိုးမှုတွေ ဖြစ်စေတယ်လို့ ယူဆထားကြတယ်။ လှေကားရဲ့ လျှောစောက်နဲ့ နံရံနဲ့အကြား တြိဂံပုံဖြစ်နေတာက ခရစ်ယာန်အယူအရ မသင့်တော်တာကြောင့် ဒီလိုအယူအဆတွေဖြစ်ပေါ်လာတာလည်းဖြစ်နိုင်ပါတယ်။