အကောင်းမြင်စိတ်ရှိခြင်းကိုပဲ စိတ်ကောင်းရှိတယ်လို့ ဆိုကြတယ်မလား။ အကောင်းမြင်တတ်တဲ့ စိတ်နဲ့ နေတတ်သူဟာ သွေးတိုးရောဂါ ၊ စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ရောဂါတွေ အဖြစ်နည်းပါတယ်။ ဘဝကို ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနိုင်ဖို့ ဆိုရင် အကောင်းမြင်စိတ် မရှိလို့ မရပါဘူး။ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ စိတ်ကောင်းနှလုံးကောင်းဟာ မွေးယူလို့ရတဲ့ အရာ ဖြစ်ပါတယ်။

(၁) အကောင်းမြင်မယ်လို့ ပြဌာန်းတဲ့စိတ်နဲ့ တစ်နေ့တာကို စတင်ပါ

 a woman sitting on bed stretching her arms

Photo: Freepik

ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ကို အပြုသဘောမြင်နိုင်အောင် ဦးတည်မယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးပါ။ မနက်အိပ်ယာက ထတာနဲ့ အဲဒီသံဓိဌာန်ကို ခိုင်ခိုင်မာမာချပါ။ “ဒီနေ့တော့ ကောင်းအောင်နေမယ်။ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပဲ” စတဲ့ အားပေးစကားတွေနဲ့ မနက်ခင်းကို ဖွင့်လှစ်လိုက်ပါ။

(၂) ကောင်းတာ ရှာပါ

girl with brown makeup drinking tea at balcony

Photo: Freepik

ဘယ်လောက်ပဲ သေးဖွဲတဲ့ ကိစ္စလေးတွေ ဖြစ်ဖြစ် ကောင်းတာလေးတွေ ရှာတတ်တဲ့ အကျင့် လုပ်ပါ။ အခက်အခဲတွေအကြားမှာ ကောင်းကွက်ကို ရှာတတ်ပြီး စိတ်နှလုံးကို အေးချမ်းအောင် ထားတာဟာ လူလည်း စွမ်းအားပြည့်ပြီး ကြည်လင်လန်းဆန်းစေပါတယ်။
ကားမောင်းလာရင်း ယာဉ်ကြောကြပ်တာနဲ့ ကြုံတယ်ဆိုပါစို့။ အဲ့ဒီအခြေအနေကို ပြောင်းလို့ မရပါဘူး။ စိတ်ကိုတော့ ပြင်လို့ ရပါတယ်။ အနည်းဆုံး ကိုယ်နှစ်သက်တဲ့ Podcast တစ်ခု နားထောင်ဖို့ အချိန်ရတယ်လို့ စိတ်ပြင်လိုက်ရင် လူလည်း စိတ်သက်သာရာရသလို အလုပ်လည်း ပိုဖြစ်ပါတယ်။

(၃) အရှုံးကို သင်ခန်းစာအဖြစ် ပြောင်းပါ

Cheerful woman covering eyes with hands

Photo: Freepik

ဘယ်သူမှ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ အမှားတွေ လုပ်မိနိုင်တယ်။ ရှုံးနိမ့်မှုတွေလည်း ကြုံနိုင်ပါတယ်။ ရေးကြီးတာက ဘယ်လိုအမှားပဲ ဖြစ်ဖြစ် အမှားတွေထဲကနေ ဘဝအတွက် အသုံးဝင်မယ့် သင်ခန်းစာထုတ်နှုတ်ပြီး နောင်လာမယ့် အခက်အခဲတွေကို ရင်ဆိုင်ရာမှာ သုံးဖို့ ပါပဲ။

(၄) ကိုယ့်ကိုယ်ကို အပြုသဘောပြောကြားမှု လုပ်ပါ

female model in pink pajama enjoying morning

Photo: Freepik

Self-Talk တွေက သင့်စိတ်ကို ခြယ်လှယ်နေပါတယ်။ စိတ်ကောင်း နှလုံးကောင်း ရှိချင်တယ်ဆိုရင် သင့်ခေါင်းထဲက အသံတွေကို အကောင်းမြင်တဲ့ အသံတွေ ဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။ Positive Self-Talk လုပ်တဲ့ အလေ့အကျင့်ဟာ လူကို ပိုပြီး တော်တည့်မှန်ကန်တဲ့ အတွေးတွေ တွေးဖြစ်စေသလို ကောင်းကျိုးဆောင်တဲ့ လုပ်ရပ်တွေလည်း လုပ်ဆောင်စေဖို့ မောင်းနှင်ပေးနိုင်ပါတယ်။

(၅) အကောင်းမြင်သူတွေနဲ့ ပေါင်းပါ

Two young beautiful smiling hipster girls in trendy summer casual clothes

Photo: Freepik

သင့်ဘေးမှာ ရှိတဲ့ လူတွေရဲ့ အမူအကျင့်နဲ့ အယူအဆတွေဟာ သင့်ဆီကို ကူးစက်လာနိုင်ပါတယ်။ အဆိုးမြင်သူတွေနဲ့ အနေများရင် ကိုယ့်အတွေးပါ ညစ်နွမ်းလာနိုင်ပါတယ်။ အကောင်းမြင်တတ်သူတွေနဲ့ နေမယ်ဆိုရင် လောကကို ချစ်တဲ့ခင်တဲ့ စိတ် ၊ လူတွေပေါ် ကူညီစောင့်ရှောက်လိုတဲ့ စိတ် ၊ ကိုယ့်စိတ်ကို ချမ်းသာအောင် ထားချင်တဲ့စိတ်တွေ ပေါ်လာနိုင်ပါတယ်။