မြန်မြန်အိပ်ပျော်ချင်တဲ့သူတွေအတွက် စက္ကန့် ၆၀ အတွင်းမှာ အိပ်ပျော်သွားအောင် ကူညီပေးမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အိပ်တော့မယ်ဆိုရင် ကိုယ့်အိပ်ယာပေါ်မှာပဲ အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှူပြီး ပါးစပ်ကနေ လေပြန်ထုတ်ပါ။ အဲ့ဒါကို အနည်းဆုံး ၂ မိနစ်လောက် လုပ်ပေးပါ။ မျက်စိကိုမှိတ်ပြီး တရားထိုင်သလို ထိုင်လုပ်ရမှာပါ။ စိတ်တွေရှုပ်နေရင်၊ စိတ်ညစ်စရာတွေရှိနေရင်တော့ ၁၀ မိနစ်လောက်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကိုယ်ရောစိတ်ပါ relax ဖြစ်ပြီး မြန်မြန်အိပ်ပျော်စေပါတယ်။

အသက်ရှူတာကိုလုပ်ပြီးသွားရင် မျက်ခုံးကို အပေါ်ပင့်လိုက်၊ ပြန်ချလိုက်နဲ့ ၅ စက္ကန့်လောက်လုပ်ပေးပါ။

များများလေးပြုံးပေးပါ။ နှုတ်ခမ်းကို အတတ်နိုင်ဆုံးပြုံးပြီး ၅ စက္ကန့်နေပါ။ ပြီးရင် ပြန်တည်ပါ။ အဲ့အတိုင်းလည်း ၅ ၁၀ ကြိမ် လုပ်ပေးပါ။

မျက်စိကိုဖွင့်လိုက်ပိတ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ မျက်စိမှိတ်ထားတဲ့အချိန်မှာ ၅ စက္ကန့်တော့ မှိတ်ထားပါ။ ပြီးမှပြန်ဖွင့်ပါ။
ခေါင်းကိုတစ်ဖက်ကိုစောင်းလိုက်၊ ပြန်တည့်လိုက်နဲ့ လုပ်ပေးပါ။ ခေါင်းစောင်းပြီး ၅ စက္ကန့်နေပါ။ ပြီးမှ ပြန်တည့်ပါ။ အဲ့အတိုင်း ဘယ်ဘက်စောင်းတာ ၁၀ ကြိမ်၊ ညာဘက်စောင်းတာ ၁၀ ကြိမ် လုပ်ပေးပါ။

နောက်ဆုံးမှာတော့ အိပ်ယာပေါ်မှာလှဲအိပ်ပြီး ခြေထောက်ကိုကားပြီးဆန့်ထားပါ။ လက်တွေကိုလည်း ဘေးနှစ်ဖက်ကို ဆန့်ထုတ်ထားပြီး မျက်စိမှိတ်ကာ အသက်ကို ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေပါ။ ပြီးရင်တော့ ၁ ကနေစပြီး နံပါတ်တွေကို ရေတွက်နေလိုက်ပါ။ ဒီလိုလုပ်နေရင်း ခဏလေးနဲ့ကို အိပ်ပျော်သွားပါလိမ့်မယ်။

စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်းမှာ အိပ်ပျော်ဖို့ဆိုတာလည်း ကိုယ့် lifestyle နဲ့ဆိုင်ပါသေးတယ်။ ကိုယ်တိုင်က ညစာဆိုလည်း နောက်ကျမှစားရင် အစာမကြေဖြစ်ပြီး တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ညနေစောင်းမှ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်ထားရင်လည်း အိပ်ပျော်မှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေများနေရင်လည်း ညဘက်တွေအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့် lifestyle ကိုလည်း ဂရုစိုက်ပြောင်းလဲဖို့ လိုပါတယ်။

ညညဆိုအိပ်မပျော်တတ်တဲ့သူတွေက ပုံမှန် exercise လုပ်တာမျိုး၊ ယောဂကျင့်တာမျိုး၊ တရားထိုင်တာမျိုးကို ကိုယ့်ရဲ့တစ်နေ့တာမှာ ထည့်သွင်းပေးသင့်ပါတယ်။ Herbal tea တွေသောက်တာမျိုးကလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံးအိပ်ပျော်စေပါတယ်။