ညညဆိုရင် အိပ်မပျော်တာက အမြဲလိုလိုဖြစ်နေတယ်၊ ဒီလိုအိပ်မပျော်တာကလည်း အချိန်ကာလတစ်ခုထိကို ကြာနေပြီဆိုရင်တော့ အိပ်မပျော်တဲ့ရောဂါကို ခံစားနေရတာပါပဲ။ အခြေအနေအရမ်းမဆိုးခင်မှာ ကိုယ့်ရဲ့ lifestyle ကို ပြောင်းလဲပြီး ကုသသင့်ပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့ရောဂါအတွက် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

စိတ်နှစ်ပြီးတရားထိုင်ခြင်း

တိတ်ဆိတ်တဲ့နေရာမှာ သေချာစိတ်နှစ်ပြီး တရားထိုင်ပေးတာမျိုး၊ ပုတီးစိပ်ပြီး တရားထိုင်ပေးတာမျိုးကို စနစ်တကျနဲ့ သေချာလုပ်ပေးမယ်ဆိုရင်တော့ စိတ်ပင်ပန်းမှုတွေပြေပျောက်ပြီး စိတ်တည်ငြိမ်လာမယ်။ ညဘက်တွေမှာ တစ်ဖြေးဖြေးနဲ့ ကောင်းကောင်းမွန်မွန် အိပ်ပျော်လာမယ်။ နေ့တိုင်း အချိန်ကြာကြာ ပုံမှန်တရားထိုင်ပေးမယ်ဆိုရင်တော့ အိပ်မပျော်တဲ့ရောဂါက သိသိသာသာကို သက်သာလာမှာပါ။

ယောဂကျင့်ခြင်း

ယောဂကျင့်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံး တိုးတက်ကောင်းမွန်လာစေပါတယ်။ ညောင်းညာကိုက်ခဲတာတွေ သက်သာစေပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပါတယ်။ အိပ်ပျော်စေဖို့ကူညီပေးတဲ့ ယောဂကျင့်စဉ်တွေရှိပါတယ်။ ညနေဘက်မှာပဲဖြစ်ဖြစ်၊ ညအိပ်ခါနီးမှာပဲဖြစ်ဖြစ် အနည်းဆုံး မိနစ် ၂၀ လောက် ယောဂကျင့်ပေးရပါမယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းတာတွေ ပြေပျောက်စေပြီး နေလို့ကောင်းစေပါတယ်။ အိပ်မပျော်တာလည်း တစ်ဖြေးဖြေးနဲ့ သက်သာလာစေပါတယ်။ ကိုယ်တိုင်ကလည်း အကျင့်လုပ်ပြီး ညဘက်တွေမှာ စောစောအိပ်ယာဝင်ပေးဖို့ လိုပါတယ်။

Massage လုပ်ပေးခြင်း

Massage လုပ်ပေးခြင်းက စိတ်ပင်ပန်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ နာကျင်မှုတွေကို လျော့ကျစေလို့ ညဘက်တွေမှာ အပူပင်မရှိပဲ ကောင်းကောင်းမွန်မွန်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဆိုင်မှာ massage လုပ်ပေးလည်းရသလို အိမ်မှာလုပ်တတ်ရင်လည်း ကိုယ်တိုင်လုပ်လို့ရပါတယ်။