ဒီနေ့ပြောပြပေးချင်တာကတော့ ပျိုမေလေး‌တွေအနေနဲ့ ကိုယ်ချစ်ရတဲ့ချစ်သူကို ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုစကားလုံးတွေကို မပြောသင့်လဲဆိုတာကို သိထားသင့်တဲ့အတွက် မျှဝေပေးချင်ပါတယ်နော်…ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ သူ့ကိုသူ စိတ်အားငယ်သွားခဲ့ရင် သူ့အတွက်တင်မက သူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်အတွက်ပါ ထိခိုက်စရာတွေဖြစ်လာနိုင်တဲ့အတွက် စကားတွေကလည်း လူတစ်ယောက်ကို အကြီးအကျယ် စိတ်ဒဏ်ရာရသွားစေနိုင်ပါတယ်နော်။ ဒီတော့ သင့်ကောင်လေးကို အရမ်းချစ်လို့ ကောင်းစေချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုစိတ်ဒဏ်ရာရသွားစေနိုင်တဲ့ စကားလုံးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်နော်။ ဒီလိုစကားလုံးတွေကို သင့်ချစ်သူကို သင်ပြောလေ့ရှိတယ်ဆိုရင်တော့ အခုပဲပြုပြင်လိုက်ပါနော်….

ဘယ်တော့မှ ကိုယ့်ကောင်လေးရှေ့မှာ တခြားကောင်လေးတွေကို ချီးမွမ်းပြောဆိုတာကို မလုပ်ပါနဲ့

သင်က ရိုးရိုးသဘောနဲ့ တခြားယောကျာ်းလေးအရမ်းတော်တာမျိုးကိုပဲဖြစ်ဖြစ် ချီးမွမ်းပြောဆိုခြင်းက သင့်ကောင်လေးကို ဘယ်လိုခံစားရစေသလဲဆိုတော့ တခြားယောကျ်ားလေးတွေကိုသူ့ထက် သာတယ်လို့ သင်မြင်သွားသလိုဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ မသိမသာသူ့ကို ချိုးနှိမ်နေတယ်လို့လည်း ခံစားရစေပါတယ်။ ဒီလိုအသုံးအနှုန်းမျိုးဟာ သင့်ချစ်သူကို မသိမသာစိတ်အားငယ်စေတတ်ပါတယ်။

သူရဲ့စကားကို ဆုံးအောင်နားထောင်ပေးပါ

မိန်းကလေးတွေဟာ ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အခါတွေမျိုးမှာ ချစ်သူပြောတာကို သေချာနားမထောင်တတ်သလို၊ ချစ်သူကို စကားပြောခွင့် မပေးတတ်ကြတာ သတိထားမိကြပါသလား။ အရာရာတိုင်းမှာ အကြောင်းအကျိုးရှိတာကြောင့် သူ့ဘက်ကမှားနေရင်တောင် သူဖြေရှင်းလာမယ့်အရာကို သေချာနားထောင်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ပဲ သူပြောတာကို နားမထောင်ပေးဘူး၊ စကားပြောခွင့်လည်း မပေးဘူးဆိုရင်တော့ သူ့ကို စိတ်အားငယ်စေ သလို၊ စိတ်ဒဏ်ရာလည်း ရစေနိုင်ပါတယ်။

အရေးပါတဲ့လူတယောက်အဖြစ် အသိအမှတ်ပြုပေးပါ

သင့်သူငယ်ချင်းတွေ သင့်ရဲ့မိဘဆွေမျိုးတွေကိုတွေ့ဆုံတဲ့အခါတွေမှာဖြစ်ဖြစ် သူ့ကို အရေးမစိုက်ပဲ သူ့ကိုချန်ထားမိတာမျိုးတွေ သူငယ်ချင်းတွေနဲ့ စကားကောင်းနေပြီး သူ့ကိုအဖတ်မလုပ်မိလိုက်တာတွေက သူ့ကို စိတ်အားငယ်စေပါတယ်။ အဲလိုအချိန်မျိုးမှာ သင့်ကောင်လေးက တစ်လောကလုံးမှာ သူတစ်ယောက်တည်းဖြစ်သလိုခံစားရပြီး သူ့ကိုသူ အရေးမပါတဲ့သူတစ်ယောက်လို ခံစားသွားရမှာပဲ ဖြစ်ပါတယ်။

သူ့အားနည်းချက်ကိုထုတ်ပြောပြီး နာကျင်အောင်မလုပ်ပါနဲ့

မိန်းကလေးတွေဟာ ဒေါသထွက်လာပြီဆိုရင် စကားတစ်ခွန်းကို ပြောသင့်၊ မပြောသင့်တာကို မစဉ်းစားမိတတ်တော့တာများပါတယ်။ တစ်ချို့တွေက ဒီစကားပြောရင် တစ်ဖက်သား နာကျင်သွားမယ်ဆိုတာ သိသိကြီးနဲ့ တမင်တကာ ပြောလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သင့်ချစ်ရတဲ့သူကို သူ့ရဲ့အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ထုတ်ပြောပြီး နာကျင်အောင်မလုပ်ပါနဲ့ ။ သင့်စကားတစ်ခွန်းကြောင့် တစ်ဖက်သား စိတ်ဒဏ်ရာရသွားတဲ့အခါမှာ သင့်လည်း စိတ်မကောင်းဖြစ်ရမှာပဲလေ။

အဲဒါကြောင့် ကိုယ်ချစ်ရတဲ့သူ စိတ်ဒဏ်ရာရစေမယ့် စိတ်ထိခိုက်သွားစေမယ့် စကားလုံးပဲဖြစ်ဖြစ် အပြုအမူပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးရှောင်ရှားပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချစ်လမ်းခရီးလေးတွေ ဖြစ်ပါစေနော်….