ဗိုက်အဆီတွေပိုပိုများလာတယ်ဆိုတာက ကိုယ်လုပ်နေတဲ့အလေ့အကျင့်တွေနဲ့ ကိုယ့်နေထိုင်မှုပုံစံ မှားယွင်းနေတာတွေကြောင့် အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်လုပ်မိနေတာတွေက မှားနေရင်လည်း ပြင်ဆင်နိုင်ဖို့အတွက် ဗိုက်အဆီတွေပိုများလာအောင် လုပ်နေမိတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Unhealthy foods

အစားအသောက်စားတဲ့အခါမှာ အာဟာရမျှတအောင်မစားပဲ သရေစာမုန့်တွေ၊ အဆီတက်စေတာတွေ၊ အပြင်စာတွေကိုပဲ ခဏခဏစားနေမယ်ဆိုရင်တော့ ဗိုက်အဆီတွေက ပိုများလာမှာပါ။ ပိန်လည်း ဗိုက်အဆီထွက်တာ၊ ဗိုက်ခေါက်ထွက်တာတွေ ဖြစ်လာပါတယ်။

အသင့်သောက်အချိုရည်

အသင့်သောက်အချိုရည်တွေမှာက သကြားဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီအချိုရည်တွေကို နေ့တိုင်းသောက်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ အဆီတွေများလာစေပါတယ်။ အထူးသဖြင့် ဗိုက်အဆီ၊ ခါးအဆီတွေ များလာတာပါပဲ။ ဒါကြောင့် ဝိတ်ချချင်ရင်၊ အဆီကျချင်ရင် အသီးတွေကို လတ်လတ်ဆတ်ဆတ် ဖျော်သောက်ပါ။

အသီးအရွက်စားတာနည်းခြင်း

အသီးအရွက်များများစားပေးခြင်းက ကိုယ်ရည်စစ်ပြီး ဝိတ်ကျ၊ အဆီကျစေပါတယ်။ အသီးအရွက်စားတာနည်းရင်တော့ ဗိုက်အဆီတွေက ကျဖို့ခက်ပါတယ်။

စိတ်ရှိတိုင်းထိုင်စားခြင်း

အစားအသောက်ကို စိတ်ရှိတိုင်း TV ကြည့်ရင်းလည်းထိုင်စားတာမျိုး၊ ဖုန်းသုံးရင်းလည်းစားတာမျိုး၊ အလုပ်လုပ်ရင်းနဲ့လည်းထိုင်စားနေတာမျိုးတွေက ဗိုက်မှာအဆီတွေ သွားပြီးစုစေလို့ ဗိုက်အဆီတွေ ဖြစ်လာစေပါတယ်။

အထိုင်များခြင်း

ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေက ဗိုက်အဆီ၊ ခါးအဆီတွေစုပြီး ဗိုက်ခေါက်ထွက်လာစေပါတယ်။ အဆီတက်စေတာတွေလည်းမစားပဲ ဗိုက်ခေါက်ထွက်နေတယ်ဆိုရင်တော့ အထိုင်များနေလို့ပါပဲ။