အဖြူရောင်ဖိနပ်တွေရဲ့အားသာချက်က ဘယ်လိုအင်္ကျီအရောင်နဲ့မဆို လိုက်ပေမယ့် သူ့ရဲ့အားနည်းချက်က အပေအတေမခံတာ ၊ နည်းနည်းလေးမှ အစွန်းအထင်းမခံတာပါ။ ဒါပေမယ့် ပေနေတဲ့ဖိနပ်အဖြူကို အိမ်သုံးပစ္စည်းတွေသုံးပြီး အသစ်လိုပြန်ဖြစ်‌အောင် လုပ်လို့ရပါတယ်။

Micellar Water

မိတ်ကပ်ဖျက်ဖို့သုံးတဲ့ Micellar Water ကို အဝတ်သန့်သန့်လေးနဲ့စွတ်ပြီး ပေနေတဲ့နေရာလေးတွေကို ပွတ်ပေးရင်လည်း ဖုန်နဲ့ တော်ရုံအစွန်းအထင်းတွေကို သန့်ရှင်းစေပါတယ်။ ဒါပေမယ့် ဆီနဲ့ မှင်စွန်တာတို့အတွက်တော့ အဆင်မပြေပါဘူး။

Baking Soda

ပန်းကန်လုံးတစ်လုံးထဲမှာ မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ Baking Soda ၂ ဇွန်း ကို ရှာလကာရည် ၄ ဇွန်းနဲ့ ရေတစ်ခွက်ထည့်ပြီး မွှေပေးပါ။ သွားပွတ်တံအဟောင်းကိုသုံးပြီး ဖိနပ်ကို ပွတ်ပေးပါ။ ဖိနပ်တွေ သန့်ရှင်းသွားတဲ့အထိ စောင့်ပြီး ရေနဲ့ ဆေးချလိုက်ပါ။

ဆပ်ပြာရည်

ရေ 240 မီလီလီတာထဲကို ဆပ်ပြာအရည် ၂ ဇွန်းထည့်ပြီး မွှေပေးပါ။ သွားပွတ်တံအဟောင်းကိုသုံးပြီး ဖိနပ်ကို ပွတ်ပေးပါ။ ပြီးမှ ဆပ်ပြာရည်ကို ရေနဲ့ ဆေးချလိုက်ပါ။

သွားတိုက်ဆေး

သွားတိုက်ဆေးကို မသုံးတော့တဲ့သွားပွတ်တံအဟောင်းနဲ့ ဖိနပ်မှာပေနေတဲ့နေရာတွေကို ပွတ်ပေးပါ။ မိနစ် 20 လောက် ပွတ်ပြီး ရေနဲ့ ဆေးချလိုက်ပါ။

ဆပ်ပြာမှုန့်

ဆပ်ပြာရည်မဟုတ်ဘဲ ဆပ်ပြာမှုန့်သုံးပြီးလည်း သန့်ရှင်းလို့ရပါသေးတယ်။ အရင်ဆုံး ဆပ်ပြာမှုန့်ကို ရေနဲ့ဖျော်ပြီး သွားပွတ်တံအဟောင်းနဲ့ ဖိနပ်ကို ပွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ သေချာဆေးပြီး ခြောက်အောင်ထားပါ။