စာလုပ်ရတာက နည်းနည်းကြာလာရင် ပျင်းလာပြီး စိတ်မဝင်စားတော့တာ သဘာဝပါပဲ။ အတင်းဆက်လုပ်နေရင်လည်း စိတ်တွေရှုပ်ပြီး စာက ခေါင်းထဲမဝင်တဲ့အပြင် ဒေါသထွက်လာပါလိမ့်မယ်။ ဒါကြောင့် စာလုပ်ရတာပျင်းလာပြီး စိတ်မဝင်စားတော့တဲ့အခါမှာ ပြောင်းပြီးလုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

လမ်းလျှောက်ပါ

စာလုပ်ဖို့ စိတ်မဝင်စားတော့ရင်၊ ပျင်းလာရင် ထပြီး လမ်းလျှောက်ပါ။ ခဏလောက်အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူ၊ မျက်စိအနားပေးပြီး လမ်းလျှောက်လိုက်ပါ။ အကြောတွေဆန့်ထုတ်ပြီး အသက်ဝဝရှူလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ထိုင်းမှိုင်းနေတဲ့စိတ်ကို ပြန်ပြီး လန်းဆန်းသွားစေပါတယ်။

တစ်ခုခုသောက်ပါ

ကော်ဖီသောက်တာပဲဖြစ်ဖြစ်၊ lemon tea သောက်တာပဲဖြစ်ဖြစ်၊ energy drink သောက်တာပဲဖြစ်ဖြစ် အဆင်ပြေတာ တစ်ခုခုသောက်ပေးပါ။ ထိုင်းမှိုင်းနေတဲ့စိတ်ကိုလည်း လန်းဆန်းစေပြီး အိပ်ချင်ပြေစေပါတယ်။ ခေါင်းကြည်စေပါတယ်။

သီချင်းနားထောင်ပါ

အာရုံပြောင်းပြီး စိတ်အပြောင်းအလဲလေး ဖြစ်သွားအောင်၊ စိတ်ကြည်လင်ပြီး တက်ကြွလာအောင် သီချင်းမြူးမြူးလေးတွေကို နားထောင်လိုက်ပါ။ စိတ်ပါရင် သီချင်းအော်ဆိုပြီး ကခုန်နေလိုက်ပါ။ လုံးဝကို စိတ်ပေါ့ပါးလန်းဆန်းသွားပြီး တက်တက်ကြွကြွနဲ့ စာပြန်လုပ်ချင်စိတ်တွေလည်း ဖြစ်လာပါလိမ့်မယ်။

Relax လုပ်ပါ

လုံးဝစိတ်မပါတော့ဘူး၊ အရမ်းပျင်းလာပြီဆိုရင် တစ်နာရီလောက်ပဲဖြစ်ဖြစ် နားလိုက်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ ဖုန်းခဏသုံးတာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ ခဏလောက် relax လုပ်လိုက်ပါ။ ပြီးမှ စိတ်ကိုပြန်စုစည်းပြီး စာပြန်လုပ်ပါ။

အိပ်လိုက်ပါ

အကောင်းဆုံးအနားယူခြင်းကတော့ အိပ်စက်တာပါပဲ။ စာလုပ်ရတာပျင်းလာပြီး စိတ်မပါတော့ရင် အိပ်လိုက်ပါ။ တစ်နာရီလောက်ပဲဖြစ်ဖြစ် အိပ်လိုက်ပြီး အိပ်ယာနိုးလာမှ ရေချိုး၊ လန်းဆန်းစေမယ့် ဖျော်ရည် (သို့) ကော်ဖီတစ်ခွက်သောက်ပြီး စာပြန်လုပ်ပါ။