ဒေါသထွက်နေချိန်မှာ လုပ်မိတဲ့အရာတွေက အမှားတွေဖြစ်တာ များပါတယ်။ လုပ်ချင်တာလုပ်၊ ပြောချင်တာပြောပြီး စိတ်ပြေမှ မျက်နှာပူရတာတွေ၊ နောင်တရတာတွေ ဖြစ်နေလို့မရပါဘူး။ ဒါကြောင့် အရမ်းဒေါသထွက်နေချိန်မှာ အမှားမဖြစ်အောင် ထိန်းချုပ်ပေးနိုင်မယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

ဒေါသထွက်နေချိန်မှာ လုပ်ချင်တာတွေ၊ ပြောချင်တာတွေကို မြိုသိပ်ပြီးတော့ လေ့ကျင့်ခန်းလုပ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ Relax ဖြစ်စေတဲ့ ခံစားမှုမျိုး၊ စိတ်ကို လျှော့ချပစ်လိုက်နိုင်တဲ့ ခံစားမှုမျိုး ရစေပါတယ်။

သီချင်းနားထောင်ခြင်း

ဘာမှမလုပ်ချင်ဘူး စိတ်အရမ်းတိုနေတယ်ဆိုရင် နားကြပ်တပ်ပြီး မျက်စိမှိတ်ကာ သီချင်းနားထောင်လိုက်ပါ။ သီချင်းနားထောင်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ရုပ်ရှင်ကြည့်ခြင်း

ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတဲ့သူဆိုရင် အရမ်းဒေါသထွက်နေတဲ့အချိန် ဘာမှမလုပ်ပဲ ရုပ်ရှင်ကြည့်လိုက်ပါ။ ရုပ်ရှင်ထဲစိတ်ရောက်ပြီး ဒေါသထွက်စရာတွေကို မေ့နေမှာပါ။ အချိန်နည်းနည်းကြာရင် စိတ်ပြေပြီး နည်းနည်းလောက်တော့ Relax ဖြစ်သွားပါလိမ့်မယ်။

တရားထိုင်ခြင်း

အကောင်းဆုံးကတော့ တရားထိုင်ပါ။ အရမ်းဒေါသဖြစ်နေချိန် တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်နိုင်ရင် ဘာအမှားမှလည်း မဖြစ်တော့ပါဘူး။ ဒေါသထွက်လွယ်တဲ့သူတွေ၊ ဒေါသကြီးတဲ့သူတွေက ပုံမှန် တရားထိုင်ပေးသင့်ပါတယ်။

တစ်ယောက်ထဲအနားယူခြင်း

အရမ်းဒေါသထွက်တဲ့အခါ အမှားမလုပ်မိအောင် ဘယ်သူနဲ့မှ စကားမပြောပဲ မတွေ့ပဲနဲ့ တစ်ယောက်ထဲနေပြီး အေးအေးဆေးဆေး အနားယူလိုက်ပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီးနေပါ။ Social Media ကနေလည်း ခဏထွက်ထားလိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါတယ်။