စာလုပ်တဲ့အချိန်မှာ စိတ်မပါပဲ အကြာကြီးထိုင်လုပ်နေရင် အချိန်ကုန်ပြီး ညောင်းတာပဲ အဖတ်တင်ပါတယ်။ စာလည်းခေါင်းထဲဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လုပ်မယ်ဆိုရင်လည်း သေချာစိတ်ပါလက်ပါနဲ့ သေချာရအောင် လုပ်သင့်ပါတယ်။

စာလုပ်တဲ့အချိန်မှာ သေချာစိတ်ပါလက်ပါနဲ့ လုပ်နိုင်အောင် ဆင်ခြင်ရမယ့်အချက် ၅ ချက်ကိုလည်း ပြောပြပေးလိုက်ပါတယ်။

ဆူညံတဲ့နေရာမှာမလုပ်ပါနဲ့

စာလုပ်မယ်ဆိုရင် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲလုပ်တာ အကောင်းဆုံးပါ။ ဆူညံတဲ့နေရာမှာ၊ စကားတွေပြောနေတဲ့ လူတွေကြားမှာ ထိုင်လုပ်မယ်ဆိုရင် အာရုံနောက်ပြီး စိတ်ရှုပ်လာမှာပါ။ စာလုပ်ရတာ အနှောင့်အယှက် ဖြစ်စေပါတယ်။ အလင်းရောင်ကောင်းကောင်းနဲ့ လေရတဲ့နေရာမှာလုပ်ပါ။ ဒါမှ Fresh ဖြစ်မှာပါ။

ဖုန်းကိုအနားယူမထားပါနဲ့

စာလုပ်ပြီဆိုရင် ဖုန်းကိုအနားထားရင်တော့ စာလုပ်ရင်းနဲ့ ဖုန်းသုံးနေမိမှာပါ။ အနားမှာဖုန်းရှိနေတော့ စကားလာပြောရင်လည်း ပြန်ပြောမိမယ်၊ ဖုန်းဆီစိတ်ရောက်ပြီး Facebook ကြည့်မိမယ်၊ Dictionary ကြည့်မယ်ဆိုပြီး ဖုန်းကောက်ဖွင့်လိုက်တယ်၊ Facebook ထဲရောက်သွားပြီး သုံးနေမိမှာပါ။ ဒါကြောင့် ဖုန်းကိုအဝေးဆုံးမှာထားပြီး စာပဲလုပ်ပါ။ TV နဲ့လည်း ဝေးဝေးနေပါ။

အိပ်ယာပေါ်မှာမလုပ်ပါနဲ့

အိပ်ယာပေးမှာစာလုပ်ရင် စာလုပ်ရတာပျင်းလာလို့၊ စာတွေခေါင်းထဲမဝင်တော့လို့ဆိုပြီး လှဲအိပ်လိုက်မိမှာပါ။ ဒါကြောင့် အိပ်ယာပေါ်မှာစာမလုပ်ပါနဲ့။ စာလုပ်ရတာနည်းနည်းပျင်းလာရင် ခဏလမ်းထလျှောက်တာ၊ ကော်ဖီသောက်တာ၊ ဖျော်ရည်သောက်တာမျိုး လုပ်ပေးပါ။

အစီအစဉ်မရှိပဲမလုပ်ပါနဲ့

စာလုပ်တော့မယ်ဆိုရင် ဒီနေ့ဘာလုပ်မယ်ဆိုတာမျိုး Schedule ဆွဲပြီး သေချာလုပ်ပါ။ ဒီနေ့လုပ်မယ်သတ်မှတ်ထားတဲ့ စာတွေကို ဒီနေ့အပြတ်လုပ်ပါ။ ဒါဆိုရင် စာလည်းသေချာလုပ်ဖြစ်မယ်၊ စာလည်းသေချာရပါမယ်။ အစီအစဉ်မရှိပဲ ဒီစာလုပ်နေရင်း စိတ်မပါတော့လို့၊ မရတော့လို့ နောက်တစ်မျိုးပြောင်းလုပ်တယ်၊ နောက်တစ်ခုလည်း နည်းနည်းပဲရပြီး တခြားဟာပြောင်းလုပ်တယ်ဆိုရင် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အချိန်သာကုန်သွားတယ် ဘာမှသေချာရမှာ မဟုတ်ပါဘူး။

အတွေးမများပါနဲ့

စာလုပ်နေရင်းနဲ့ အတွေးတွေများနေရင် စာလုပ်ရတာ အရမ်းအနှောင့်အယှက် ဖြစ်ပါတယ်။ ဒါကြောင့် သေချာအာရုံစုစည်းပြီး လုပ်ကြည့်ပါ။ စာလုပ်ဖို့ စိတ်မပါတော့ရင် ခဏနားပြီးမှ ပြန်လုပ်ပေးပါ။