လက်ရှိလုပ်နေတဲ့အလုပ်မှာ ဆက်မလုပ်ချင်လို့ ထွက်ချင်နေတဲ့သူတွေ အများကြီးှရှိမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ်ထွက်ချင်ပေမယ့် ထွက်လို့မဖြစ်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေ ၅ ခုကို ကြုံတွေ့နေရရင်တော့ လက်ရှိအလုပ်ကနေ ထွက်သင့်တယ်လို့ သင်ကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်သင့်ပါပြီ။

ဆိုးရွားတဲ့အလုပ်ရှင်နဲ့ကြုံရတဲ့အခါ

အရာရာမကောင်းပြောပြီး တစ်ချိန်လုံး လိုက်ဖိနှိပ်နေတဲ့ အလုပ်ရှင်မျိုး ရှိတတ်ပါတယ်။ ဘယ်လောက်ပဲလုပ်ပေးလုပ်ပေး အကောင်းပြောမခံရတာ၊ နေရာပေးမခံရတာ၊ အပြစ်ပြောဖို့၊ ခိုင်းဖို့ပဲ သိတဲ့ အလုပ်ရှင်မျိုးနဲ့ ကြုံတွေ့နေရရင် စိတ်ဖိစီးပြီး ကိုယ်ပဲစိတ်တိုရ၊ ပင်ပန်းရပါတယ်။ ဒီထက်ကောင်းတဲ့ အလုပ်ကိုရှာပြီးသာ ထွက်လိုက်တာက ကိုယ့်အတွက် ပိုကောင်းပါလိမ့်မယ်။

အခွင့်အလမ်းကောင်းတွေကမ်းလှမ်းခံရတဲ့အခါ

လက်ရှိအလုပ်ထက် အစစအရာရာ ပိုကောင်းပြီး ကိုယ့်အတွက်လည်း လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ အရမ်းများတဲ့နေရာကနေ ကမ်းလှမ်းတာခံရရင် ထွက်လိုက်ပြီး ပြောင်းသင့်ပါတယ်။

စိတ်ဖိစီးမှုများလွန်းတဲ့အခါ

လက်ရှိအလုပ်မှာ ဘာမှအဆင်မပြေဖြစ်ပြီး စိတ်ဖိစီးမှုတွေ Stress တွေ အရမ်းရတဲ့အခါမျိုးမှာဆိုရင် နောက်အလုပ်ကို ပြောင်းဖို့အတွက် စဉ်းစားသင့်ပါတယ်။ စိတ်ဖိစီးမှုများရင် စိတ်ရောကိုယ်ပါ ပင်ပန်းရပါတယ်။ အလုပ်မှာပျော်စရာရှိနေမှလည်း အလုပ်လုပ်ရတာပိုတက်ကြွပြီး အကြံဉာဏ်အသစ်တွေ ရလာမှာပါ။ မဟုတ်ရင်တော့ အလုပ်သွားရမှာကို ကြောက်နေမိပါလိမ့်မယ်။

လက်ရှိအလုပ်မှာစိတ်ဝင်စားမှုမရှိတော့တဲ့အခါ

ကိုယ်လုပ်နေရတဲ့အလုပ်ကိုတောင် စိတ်မဝင်စားတော့ဘူးဆိုရင် ဆက်လုပ်နေလည်း စိတ်ရောကိုယ်ပါ ပင်ပန်းပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လက်ရှိအလုပ်ကို စိတ်မဝင်းစားတော့ဘူးဆိုရင် လမ်းကြေင်းအသစ်ရှာပြီး စတင်ကြည့်ပါ။

ကိုယ့်အတွက်တက်လမ်းမရှိတဲ့အခြေအနေ

လက်ရှိအလုပ်က အရမ်းအလုပ်များပြီး ပင်ပန်းတာတောင်မှ၊ ဒီလောက်လုပ်နေရတာတောင်မှ ကိုယ့်အတွက် တက်လမ်းမရှိဘူး၊ ရာထူးတိုးတာ၊ လစာတိုးတာတွေ မရှိဘူး၊ အလုပ်တွေပဲ ပိုလုပ်ပေးပြီး ပင်ပန်းနေရတယ်ဆိုရင် တခြားအလုပ်ပြောင်းရှာပြီး ဒီကနေ ထွက်လိုက်သင့်ပါတယ်။ တက်လမ်းမရှိပဲ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းမခံပါနဲ့။