လူတစ်ယောက်ရဲ့အပြုအမှုက အရမ်းအရေးကြီးပါတယ်။ ကိုယ်လုပ်တဲ့ အပြုအမူပေါ်မူတည်ပြီး ဆုံးဖြတ်ကြတာတွေချည်းပါပဲ။ အထူးသဖြင့် သူများနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ့်အပြုအမူကို သတိထားသင့်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ့်ကိုရိုင်းတဲ့သူလို့ မသတ်မှတ်ကြဖို့အတွက် သူများစကားပြောနေတဲ့အချိန်မှာ မလုပ်သင့်တဲ့အပြုအမူ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

စကားဖြတ်ပြောခြင်း

စိတ်တိုစရာမကောင်းဆုံး အပြုအမူကတော့ စကားဖြတ်ပြောတာပါပဲ။ သူများစကားပြောနေရင် သူပြောတာကို အရင်ဆုံးအောင်နားထောင်ပါ။ ပြီးမှ ကိုယ်ပြောချင်တာကိုပြောပါ။ စကားဖြတ်ပြောတာမျိုးက ရိုင်းတဲ့အပြုအမူပါ။

အာရုံမစိုက်တဲ့အပြုအမူလုပ်ခြင်း

တစ်ဖက်လူစကားပြောတဲ့အခါမှာ သူပြောတာကို အာရုံစိုက်ပြီး နားထောင်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့သူ၊ လူကြီး၊ အလုပ်ကိစ္စ စတာမျိုးတွေနဲ့ ပြောဆိုရတဲ့အခါမှာ အကြည့်ချင်းဆုံပြီး ပြောပါ။ တစ်ဖက်လူရဲ့မျက်နှာကိုကြည့်ပြီး သေချာအာရုံစိုက် နားထောင်နေတဲ့ပုံစံမျိုး ပြပေးပါ။ အဲ့လိုမဟုတ်ပဲ တခြားကို အာရုံရောက်နေတဲ့ အပြုအမူမျိုးတွေ၊ စိတ်မဝင်စားတဲ့ပုံစံမျိုးတွေ၊ သူကပြော ကိုယ်ကတစ်ခြားဘက်ကို ငေးကြည့်နေတာမျိုးတွေ လုံးဈမလုပ်မိပါစေနဲ့။

စကားလမ်းကြောင်းလွှဲခြင်း

သူများစကားပြောနေတာကို မဆိုင်တဲ့အကြောင်းအရာတွေ ထပြောပြီး စကားလမ်းကြောင်းလွှဲပစ်တာမျိုးတွေက အရမ်းရိုင်းပါတယ်။ ရင်းနှီးတဲ့သူတွေကို ဒါမျိုးလုပ်ရင်တောင် အမြင်ကတ်ခံရတတ်ပါတယ်။ ဒီတော့ သူစိမ်းနဲ့ဆို ပိုတောင်ဆိုးပါတယ်။

အော်ဟစ်ပြောဆိုခြင်း

သူများနဲ့စကားပြောတဲ့အခါမှာ လေသံကိုလျှော့ပြီး ပြေပြေလည်လည် ကောင်းကောင်းမွန်မွန်ပြောပါ။ အော်ဟစ်ပြီးပြောဆိုတာက ရိုင်းလည်းရိုင်းသလို ရှက်စရာလည်းကောင်းပါတယ်။ တစ်ဖက်လူအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်ဖို့လိုပါတယ်။

ဖုန်းဖြတ်ပြောခြင်း၊ ဖုန်းသုံးခြင်း

စကားပြောနေချိန်မှာ ဖုန်းလာရင် တစ်ဖက်လူကို respect ထားတဲ့အနေနဲ့ ခွင့်တောင်းပြီးမှ ဖုန်းကိုင်ပါ။ ဖုန်းပြောပါ။ သူများစကားပြောနေချိန် မပြောမဆိုနဲ့ ဖုန်းကောက်ပြောလိုက်တာက ရိုင်းပါတယ်။ နောက်တစ်ခုကတော့ တစ်ဖက်လူစကားပြောနေချိန်မှာ ဖုန်းသုံးတာမျိုးတွေ မလုပ်ပါနဲ့။ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာလုပ်တဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။