လေ့ကျင့်ခန်းက အသက်အရွယ်မရွေး ပုံမှန်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ အလှအပအတွက်တင်မဟုတ်ပဲ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ ရရှိစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုး ၅ မျိုးကို ရရှိလာမှာပါ။

အဆီပိုတွေလျော့ကျလာခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းကြောင့် သိသိသာသာ ခံစားရမယ့်ကောင်းကျိုးကတော့ ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေ လျော့ကျလာတာပါပဲ။ ကိုယ်အဆီချချင်တဲ့နေရာ သီးသန့်ရှိတယ်ဆိုရင် training နဲ့ gym ဆော့လိုက်ပါ။ ပိုအကျိုးရှိပါတယ်။ Gym မဆော့ချင်ရင် youtube ကနေကြည့်ပြီး သေချာလုပ်ကြည့်ပါ။

ခန္ဓာကိုယ်ပိုလှလာခြင်း

စိတ်ပါမှလုပ်တာမျိုးမဟုတ်ပဲ လေ့ကျင့်ခန်းကို သေချာလုပ်မယ်ဆိုရင် အရင်ထက်ပိုပြီး ခန္ဓာကိုယ်အချိုးအစား ပုံကျလှပလာမှာပါ။ ကျသင့်တဲ့အဆီတွေကျပြီး ရှိသင့်တဲ့နေရာတွေ ရှိလာမှာဖြစ်လို့ ပိုလှလာပြီး ကိုယ့်ကိုယ်ကိုလည်း စိတ်ကျေနပ်မှု အပြည့်အဝရလာစေမှာပါ။

Stress တွေလျော့ကျလာခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက stress တွေလျော့ကျလာစေပါတယ်။ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုလည်း ပိုကောင်းလာစေပါတယ်။ စိတ်တိုတာ၊ စိတ်မကြည်တာ၊ စိတ်ညစ်နေတာတွေလည်း လျော့ကျသွားစေပါတယ်။ ဒါကြောင့် stress များနေရင် လေ့ကျင့်ခန်းလုပ်ပါ ယောဂကျင့်ပါလို့ ပြောကြတာပါ။

ကိုယ်ရောစိတ်ပါပေါ့ပါးမှုရှိလာခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ရရှိလာမယ့် နောက်ထပ် ကောင်းကျိုးကတော့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး active ဖြစ်လာတာပါပဲ။ လေးလံထိုင်းမှိုင်းနေရင် လေ့ကျင့်ခန်းသာလုပ်ပါ။ ပိုပြီးတော့လည်း သွက်လက်တက်ကြွလာပါလိမ့်မယ်။

ကျန်းမာရေးပိုကောင်းလာခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တဲ့အတွက် အကြီးငယ်ငယ်၊ ကြီးကြီး လေ့ကျင့်ခန်းလုပ်ခိုင်းတာပါ။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းက သက်လုံကောင်းပြီး အမောခံနိုင်လာမယ်၊ အရိုးအဆစ်တွေ ပိုပြီးသန်မာလာမယ်၊ ညောင်းညာကိုက်ခဲမှုတွေ သက်သာလာမယ်၊ နှလုံးအား၊ အဆုတ်အား ပိုကောင်းလာပါမယ်။