မိန်းကလေးတိုင်းကတော့ အမြဲတမ်းလှနေတာမျိုးကို လိုချင်ကြတာပါပဲ။ ဒီလိုအမြဲလှနေဖို့ဆိုတာလည်း ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲတမ်း လှပနေတဲ့သူတစ်ယောက်ဖြစ်အောင် နေ့တိုင်းလုပ်ပေးဖို့လိုတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ အရမ်းရိုးရှင်းတဲ့အရာတွေဖြစ်လို့ လူတိုင်းလုပ်နိုင်မှာပါ။

အမြဲပြုံးပျော်နေပါ

အချိန်တိုင်းဆူပုပ်နေရင် မလှပါဘူး။ ကိုယ့်ကိုယ်ကို confidence ပျောက်ဆုံးလာပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်းပြုံးပျော်နေပါ။ အမြဲပြုံးပျော်နေတဲ့သူက ဘာမှမပြင်ဆင်ပဲနဲ့တောင် သဘာဝအတိုင်းလေး ကျက်သရေရှိပြီး လှနေပါတယ်။ လူချစ်လူခင်လည်း ပေါပါတယ်။

စိတ်ကြည်လင်အောင်နေပါ

စိတ်ရှုပ်ပြီး စိတ်မကြည်ရင် ထိုင်းမှိုင်းပြီး အရာရာကိုစိတ်တိုင်းမကျဖြစ်ကာ ကိုယ့်ကိုယ်ကို အပြစ်မြင်လာမယ်၊ ပြင်ဆင်ချင်စိတ်တွေ ပျောက်ဆုံးလာပါမယ်။ ဒါကြောင့် အမြဲတမ်း စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်နိုင်ရင် ကိုယ့်ကိုယ်ကိုအကောင်းမြင်ပြီး အမြဲလှပနေမှာပါ။ ကိုယ့်ကိုယ်ကို သူများနဲ့လည်း လိုက်နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။

ပြင်ဆင်ပြီးလှအောင်နေပါ

မပြင်မဆင်နဲ့နေရင် ကိုယ့်ကိုယ်ကိုမလှဘူးလို့ ထင်နေမှာပါပဲ။ ဒါကြောင့် အပြင်သွားတိုင်းမှာ ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီးနေပါ။ ကိုယ့်အသားအရေကို ဂရုစိုက်ပါ။ လှတာလေးတွေ ဆင်မြန်းပြီး ပြင်ဆင်ပါ။

သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ

အဝတ်အစားတွေ အများကြီးမရှိလည်း ကိုယ့်မှာရှိတာလေးနဲ့ ဈေးသင့်တင့်တာလေးတွေနဲ့ အဆင်ပြေအောင် သပ်သပ်ရပ်ရပ်လေး ဝတ်စားတတ်ရင် လှတာပါပဲ။ ရှိတာလေးနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်ပြီးနေပါ။ အမြဲတမ်းသပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်တဲ့သူက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိလာပြီး ကြည့်လိုက်တာနဲ့လည်း သပ်ရပ်လှပနေမှာပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှု

အမြဲတမ်းလှနေဖို့အတွက် အပေါ်ယံပဲ ပြင်ဆင်နေလို့မရပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပါ။ Body အနံ့ဆိုး၊ ချွေးနံ့ထွက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ ရေမွှေးလည်းသုံးပေးဖို့ မမေ့ပါနဲ့။