တချို့လူတွေက အသက်ငယ်ငယ်နဲ့ ဆံပင်တွေ ဖြူနေတာတွေရှိပါတယ်။ ဒါကိုတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းလို့လည်း ခေါ်ပါတယ်။ ဒီလို ဆံပင်ဖြူရတဲ့အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။

ဆံသားတွေထိန်းသိမ်းမှု နည်းလမ်းမမှန်တာ၊ ဆေးလိပ်သောက်ခြင်းနဲ့ စားသောက်နေထိုင်မှုပုံစံတွေက အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ဖြစ်စေပါတယ်။

ဟော်မုန်းမညီမျှတာနဲ့ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအရွယ်မတိုင်ခင် ဆံပင်ဖြူလာတာက ရောဂါရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

B12 ဓာတ်ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာဆံပင်ဖြူနိုင်ပါတယ်။ ဗီတာမင် B12 ၊ ဇင့်နဲ့ကော့ပါးတို့က ဆံသားအားဖြည့်ပေးတဲ့ဓာတ်တွေဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။

မိဘတွေမှာ ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ နောက်ပြီးစိတ်ဖိစီးမှုကလည်း လူကိုထိခိုက်မှုများစွာ ဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်းတို့က Melanin ဆဲလ်တွေကို ပမာဏလျော့စေပြီး ငယ်ငယ်နဲ့ ဆံပင်ဖြူလာစေပါတယ်။

အာဟာရမညီမျှတဲ့ စားသောက်ပုံအလေ့အထရှိရင် ချို့တဲ့နေတဲ့အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့သတ္ထုဓာတ်အလုံအလောက် မရနိုင်တဲ့အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။

ဆံပင်သန်မာစေဖို့အတွက် ဘာတွေစားပေးရမလဲဆိုရင်တော့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များ၊ ဘယ်ရီသီးများ၊ ဆော်လမွန်ငါး ၊ ဗာဒံစေ့အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ချောကလက်၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို ဖျော်သောက်ပေးရင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။