သွားတွေဝါညစ်ပြီး သွားကျောက်ဖြစ်နေရင် စကားပြောတဲ့အခါမှာ ခံတွင်းနံ့နံသလိုပဲ ပြုံးရယ်လိုက်တိုင်းမှာလည်း သွားတွေမလှမပ ဖြစ်နေပါလိမ့်မယ်။ လူတစ်ယောက်ရဲ့အလှအပတွက် သွားကလည်း အရေးပါတဲ့အရာတစ်ခုပါပဲ။ တချို့ကတော့ ဆေးခန်းမှာ ခဏခဏ သွားကျောက်ခြစ်တာမျိုးတွေ လုပ်ကြပေမယ့် ကိုယ်က လုပ်ဖို့အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို try ကြည့်လို့ရပါတယ်။ ဒါကြောင့် သွားဝါညစ်နေတာတွေနဲ့ သွားကျောက်ဖြစ်နေတာတွေကို ဖယ်ရှားပေးပြီး သွားလေးတွေဖြူလာစေဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ဆား

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဆား – အနည်းငယ်တို့ကို ရောမွှေပြီး သွားပွတ်တံနဲ့ယူကာ သွားတိုက်ပေးရမှာ ဖြစ်ပါတယ်။ သွားအပြင်ဘက်တွေရော အတွင်းဘက်တွေကိုပါ သေချာတိုက်ပေးပါ။ ဒီနည်လမ်းကို တစ်ပတ် တစ်ကြိမ်၊ နှစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သွားကျောက်တွေ ဖယ်ရှားပေးပြီး သွားလေးတွေ ဖြူလာပါလိမ့်မယ်။

လိမ္မော်သီးအခွံ

လိမ္မော်သီးပေါတဲ့အချိန်ဆို ဒီနည်းလမ်းက အရမ်းအသုံးဝင်ပါတယ်။ လိမ္မော်သီးအခွံနဲ့ သွားကို ပွတ်တိုက်ပေး၊ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ အာလုတ်ကျင်းပေးပါ။ ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးသွားရင် သွားကျောက်တွေ၊ သွားဝါညစ်တာတွေ ဖြေးဖြေးချင်းစီ သက်သာလာပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို လက်နဲ့ယူပြီး သွားမှာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ လက်နဲ့မပွတ်လည်း သွားပွတ်တံနဲ့ယူပြီး တိုက်ပေးလို့ရပါတယ်။ ၁၅ မိနစ်လောက်တိုက်ပြီးရင် ရေကြက်သီးနွေးနဲ့ အာလုတ်ကျင်းပေးပါ။ ဒီနည်းလမ်းကတော့ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် လုပ်နိုင်ပါတယ်။

လေးညှင်း

လေးညှင်းကို ကျေညက်သွားအောင်ကြိတ်ပြီး သံလွင်ဆီအနည်းငယ်နဲ့ ရောမွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားရင် ယူပြီး သွားတိုက်ပေးရုံပါပဲ။ ဒီနည်းလမ်းကတော့ သွားဝါညစ်တာ၊ သွားကျောက်ဖြစ်တာတွေ သက်သာစေပြီး ခံတွင်းအနံ့နံတာပါ သက်သာစေပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးသွားရမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ သွားဝါညစ်တာ၊ သွားကျောက်ဖြစ်တာတွေ ဖြေးဖြေးချင်းစီ သက်သာပြီး အားလုံးကို ဖယ်ရှားနိုင်မှာပါ။ သွားကျောက်တွေမရှိမှ သွားလေးတွေ ဖြူဖွေးပြီး လှနေမှာပါ။