အလုပ်မှာ အနည်းနဲ့အများကတော့ စိတ်ညစ်စရာတွေ ရှိတာပါပဲ။ စိတ်ညစ်စရာကို ခေါင်းထဲထည့်ထားရင် ပိုပြီးစိတ်ညစ်ရပါမယ်။ ဒီတော့ စိတ်ညစ်စရာရှိလည်း အေးဆေးဖြစ်ပြီး စိတ်ညစ်ထေးမနေအောင်၊ Stress မပိအောင် နေဖို့လိုပါတယ်။ ဒါကြောင့် အလုပ်မှာစိတ်မညစ်စေဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလုပ်ကိုအကြွေးမရှိအောင်နေပါ

အရေးကြီးတဲ့အရာတစ်ခုက အလုပ်ကို အကြွေးမထားဖို့ပါပဲ။ အလုပ်အကြွေးထားရင် အလုပ်တွေပုံသွားတဲ့အခါ စိတ်ညစ်ရပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးပြီး အလုပ်သွားရမှာကိုတောင် စိတ်ညစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့လုပ်ရမှာကို ပုံမှန်လေးသာ လုပ်သွားပါ။

အလုပ်ကလူတွေနဲ့အဆင်ပြေအောင်နေပါ

အလုပ်လုပ်ရင် အရေးအကြီးတဲ့ နောက်ထပ်အရာတစ်ခုကတော့ အလုပ်ကလူတွေနဲ့ အဆင်ပြေအောင်နေဖို့ပါပဲ။ အလုပ်ကလူတွေနဲ့ အဆင်မပြေရင် စိတ်ညစ်စရာကောင်းပါတယ်။ အလုပ်က Stress ကတစ်မျိုး၊ နေ့တိုင်းမြင်ရမယ့် ဒီသူတွေနဲ့ အဆင်မပြေတာတစ်မျိုးဆိုရင် အလုပ်သွားရတာက ဘာမှပျော်စရာရှိတော့မှာ မဟုတ်ပါဘူး။

ပေါ့ပေါ့ပါးပါးနေပါ

အလုပ်ထဲကိုပဲ အရမ်းစိတ်နှစ်ပြီး အလုပ်ချည်းပဲ လုပ်မနေပါနဲ့။ အလုပ်ကသူတွေနဲ့ စကားပြော၊ ရယ်မောပြီး ပေါ့ပေါ့ပါးပါးနေပါ။ သီချင်းနားထောင်ရင်း အလုပ်လုပ်လိုက်၊ အလုပ်ကသူတွေနဲ့ မုန့်စားလိုက်နဲ့နေပါ။ တစ်ယောက်တည်း သီးသန့်ကြီးမနေပါနဲ့။ ဒါဆိုရင် အလုပ်သွားရတာလည်း ပျော်ဖို့ကောင်းပြီး စိတ်ပေါ့ပါးနေမှာပါ။

စိတ်ညစ်စရာတွေမတွေးပါနဲ့

စိတ်ညစ်စရာတွေတွေးရင်တော့ စိတ်ညစ်ရမှာပါပဲ။ စိတ်ညစ်စရာရှိရင် ပျော်စရာရှာပြီး ပျော်အောင်ကြိုးစားနေပါ။ အပြင်မှာ စိတ်ညစ်စရာ ရှိလာရင်လည်း အလုပ်ကို သယ်မလာပါနဲ့။ အလုပ်လုပ်ရတာ အနှောင့်အယှက်ဖြစ်သလို ကိုယ်တိုင်လည်း စိတ်ကြည်လင်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ညစ်စရာမတွေးပါနဲ့။ အလုပ်နဲ့ပတ်သက်လာရင်လည်း လုပ်နိုင်သလောက်ပဲ တာဝန်ခံပြီးလုပ်ပါ။ မနိုင်ဝန်ထမ်းပြီး စိတ်ညစ်မခံပါနဲ့။