တစ်ခုခုဆို အရမ်းစိုးရိမ်ပူပန်တတ်တဲ့သူတွေက သူများထက်ပိုပြီး စိတ်ရောလူပါ ပင်ပန်းရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် စိတ်ကိုလျှော့ချနိုင်အောင် ကြိုးစားရပါတယ်။ ဒီလို အရမ်းစိုးရိမ်ပူပန်တတ်တဲ့စိတ်ကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

အရမ်းမတွေးပါနဲ့

အရမ်းတွေးလွန်းရင် စိုးရိမ်မှုတွေက ပိုဆိုးလာပါတယ်။ တွေးတွေးပြီးကို စိုးရမ်လာတာပါ။ ဒါကြောင့် အကြောင်းအရာတစ်ခုကို မဖြစ်သေးခင်မှာလည်း ကြိုတွေးပြီး စိုးရိမ်မနေပါနဲ့။ ဖြစ်ပြီးရင်တော့ ဒါကိုပဲ ပြန်ပြန်တွေးပြီး စိုးရိမ်မနေပါနဲ့။ ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။

အကောင်းဘက်ကနေလှည့်တွေးပါ

စိုးရိမ်ပူပန်စိတ်တွေ ဝင်လာပြီဆိုရင် မကောင်းတဲ့ဘက်ကချည်းပဲတွေးပြီး ပူလောင်မနေပါနဲ့။ အကောင်းဘက်ကနေ လှည့်တွေးကြည့်လိုက်ပါ။ စိတ်သက်သာရာရပြီး အရာရာအဆင်ပြေသွားပါလိမ့်မယ်။ မကောင်းတဲ့ဘက်ကချည်းပဲတွေးနေပြီး စိုးရိမ်ပူပန်နေတာက အကျင့်ဖြစ်သွားရင် လုံးဝမကောင်းပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုပြောင်းလဲပစ်ပါ။

စိတ်တည်ငြိမ်စေမယ့်အရာတွေရှာဖွေကြည့်ပါ

စိုးရိမ်ပူပန်တတ်တဲ့စိတ်ကို လျှော့ချနိုင်ဖို့ဆိုတာက မတွေးမိအောင်နေမှပဲ ရမှာပါ။ မတွေးမိအောင်လို့ စိတ်တည်ငြိမ်စေမယ့်အရာတွေ၊ အာရုံစုစည်းပြီးလုပ်ရတဲ့အရာတွေကို ရှာဖွေပြီးလုပ်ကြည့်ပါ။ ဒီထဲကိုစိတ်ရောက်နေရင် ဘာမှတွေးမိတော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ စိုးရိမ်ပူပန်စိတ်တွေကို လျှော့ချပစ်နိုင်ပါတယ်။

ရင်ဖွင့်ပါ

စိတ်ထဲရှိနေတဲ့အရာတွေ၊ ခံစားနေရတဲ့အရာတွေကို ရင်ဖွင့်လိုက်ရင် စိတ်ပေါ့ပြီးနေလို့ကောင်းသွားသလိုပဲ စိုးရိမ်ပူပန်စိတ်တွေများနေရင်လည်း တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ။ သူပြောပြတာတွေ၊ အားပေးတာတွေကိုနားထောင်ရင်းနဲ့ စိတ်သက်သာရာရသွားနိုင်ပါတယ်။