အလုပ်လုပ်တဲ့အခါမှာ လုပ်နေရင်းနဲ့ စိတ်မပါတော့တာမျိုး၊ ပျင်းရိလာတာမျိုး၊ တစ်ခါတစ်လေဆို စိတ်ဓာတ်တွေကျလာတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် သင့်အတွက် အလုပ်လုပ်ရတာ motivation ပိုရစေမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးလိုက်ပါတယ်။ အလုပ်လုပ်ရတာ ငြီးငွေ့လာရင် ဒီနည်းလမ်းတွေကို အကောင်အထည်ဖော်ကြည့်လိုက်ပါ။

အလုပ်စားပွဲမှာ Plan ချရေးထားတဲ့ စာရွက်ကပ်ထားပါ

တစ်နေ့တာ ကိုယ်လုပ်ရမယ့်အရာ၊ အရေးကြီးတဲ့အရာ၊ သိပ်ပြီး အရေးမကြီးတဲ့အရာတွေကို ချရေးထားပြီး အဲ့တာလေးတွေကိုကြည့်လုပ်ပါ။ တစ်ခုပြီးတိုင်း ခြစ်ချလိုက်၊ နောက်တစ်ခုဆက်လုပ်လိုက်နဲ့ဆို ပိုအားဖြစ်စေပါတယ်။

Goals & Dreams

ကိုယ့်ရဲ့ goals နဲ့ dreams အိမ်မက်တွေ၊ ဖြစ်ချင်တာတွေကို ကျောက်သင်ပုန်းတစ်ခုမှာပဲဖြစ်ဖြစ် သေချာလေးချရေးထား၊ ချဆွဲထားပါ။ ကိုယ်အလုပ်လုပ်နေတာ ကိုယ့်အိမ်မက်တွေ၊ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်ရတာ ပိုပြီးအားဖြစ်စေပါတယ်။

အလုပ်ပြီးရင်ဘာလုပ်ချင်လဲစဉ်းစားထားပါ

ဒီနေ့အတွက် လုပ်ရမယ့်အလုပ်ပြီးရင် ငါဘာလုပ်မယ်ဆိုတာမျိုး ကြိုစဉ်းစားထားပါ။ ဥပမာ – အလုပ်ပြီးတာနဲ့ ရုပ်ရှင်ကြည့်ပြီး အေးဆေးအနားယူမယ်၊ အလုပ်ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ သွား Chill မယ် စသဖြင့် စဉ်းစားထားရင် အလုပ်လုပ်ရတာ ပိုတက်ကြွပြီး မြန်မြန်ပြီးအောင် လုပ်နိုင်ပါတယ်။

အလုပ်စားပွဲကိုသပ်သပ်ရပ်ရပ်ထားပါ

ကိုယ်အလုပ်လုပ်တဲ့ အလုပ်စားပွဲက ရှုပ်ပွနေရင် စိတ်ရှုပ်ရပါတယ်။ အလုပ်လုပ်ရတာ ပိုပြီးအားယုတ်စေပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်ထားပြီး ကိုယ်ကြိုက်တတ်တာလေးတွေနဲ့လည်း အလှဆင်ထားပါ။ ပင်ပန်းနေရင်တောင် ကိုယ့်အလုပ်စားပွဲလေးကြည့်ပြီး စိတ်ကြည်နူးရပါတယ်။ အလုပ်လုပ်ရတာလည်း ပိုပြီး စိတ်ကြည်လင်စေပါတယ်။

Break Time ထားပါ

တောက်လျှောက်ကြီး အလုပ်လုပ်နေရင် ငြီးငွေ့ပြီး ပင်ပန်းလာပါလိမ့်မယ်။ အလုပ်လုပ်ချင်စိတ် မရှိတော့တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ၂၅ မိနစ် (သို့) မိနစ် ၃၀ Timer ပေးပြီးလုပ်၊ အချိန်ပြည့်ရင် ၁၀ မိနစ် Timer ပေးပြီးနား၊ အချိန်ပြည့်ရင် အလုပ်ပြန်လုပ်။ ဒီလို Timer လေးနဲ့ Break Time ထားပြီး လုပ်သွားမယ်ဆိုရင် စိတ်လည်းပြေပျောက်စေတယ်၊ အလုပ်လုပ်ရတာလည်း ပိုပြီး တက်ကြွစေတယ်၊ စိတ်ပါဝင်စားမှု ရှိစေပါတယ်။