ဒေါသထွက်နေချိန်မှာ အမှားအမှန်ကိုမသိတော့ပဲ စိတ်ထင်တိုင်းလုပ်မိတတ်ကြပါတယ်။ ဒေါသထကြီးတဲ့သူတွေဆို ပိုဆိုးပါတယ်။ ဒေါသနဲ့လုပ်ချင်တာလုပ်ပြီးမှ နောင်တရတာ၊ စိတ်မကောင်းဖြစ်တာမျိုးတွေ အမြဲဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒေါသကြီးတဲ့သူတွေအတွက် အမှားမဖြစ်အောင် ကိုယ့်ဒေါသကို ပြန်လည်ထိန်းချုပ်နည်းတွေ မျှဝေပေးလိုက်ပါတယ်။
စကားမပြောခင်မှာစဉ်းစားပါ
ဒေါသအရမ်းထွက်လာပြီဆိုရင် အရင်ဆုံးဘာမှမပြောပါနဲ့။ စကားမပြောခင်မှာ အရင်စဉ်းစားပါ။ စိတ်ထဲပေါ်လာတဲ့အတိုင်း ပြောပစ်လိုက်ရင် အမှားတွေများသွားပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီးမှပြောပါ။
အချိန်ခဏယူပါ
အရမ်းဒေါသထွက်ပြီး စိတ်တိုနေရင် ဘာမှမတုံ့ပြန်သေးပဲ အချိန်ခဏယူလိုက်ပါ။ ကိုယ့်စိတ်ကိုအရင် Relax ဖြစ်အောင်လုပ်ပါ။ စိတ်တည်ငြိမ်သွားပြီဆိုမှ လုပ်စရာရှိတာဆက်လုပ်ပါ။ ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။
လေ့ကျင့်ခန်းလုပ်လိုက်ပါ
အရမ်းစိတ်လှုပ်ရှားပြီး ဒေါသထွက်လာတယ်၊ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူးဆိုရင် လေ့ကျင့်ခန်းတစ်ခုခု လုပ်လိုက်ပါ။ ပြေးတာပဲဖြစ်ဖြစ်၊ ဒိုက်ထိုးတာပဲဖြစ်ဖြစ် စတဲ့ ကိုယ်လက်လှုပ်ရှားရတာတွေကို လုပ်ပေးပါ။ ဒေါသအနည်းငယ်လျော့ကျပြီး စိတ်ပေါ့သွားပါလိမ့်မယ်။
အမှားအမှန်ကိုသေချာသိအောင်လုပ်ပြီးမှပြောပါ
ကိုယ်ဒေါသထွက်နေတဲ့အရာတစ်ခုက မှားလားမှန်လား သေချာမသိပဲ ရမ်းသမ်းမပြောပါနဲ့။ ဘယ်ကိစ္စမဆို အမှားအမှန်သေချာသိအောင်လုပ်ပြီးမှ ပြောပါ။ တစ်ဖက်လူကို မသေချာပဲ၊ မဟုတ်ပဲနဲ့ ဒေါသနဲ့ ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်းလုပ်ရင် ပြီးမှအရှက်ကွဲတာ၊ ပြန်တောင်းပန်ရတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချထားပါ
ဒေါသထွက်စရာတွေကြုံလာလည်း အရမ်း sensitive မဖြစ်ပါနဲ့။ အရမ်းဒေါသကြီးရင် ရောဂါရပါတယ်။ ဒါကြောင့် စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားပါ။ တရားထိုင်တာမျိုး၊ ယောဂကျင့်တာမျိုးတွေ လုပ်ကြည့်ပါ။ သည်းခံစိတ်မွေးကြည့်ပါ။