လက်သည်းကိုက်တာက လက်သည်းပျက်စီးစေသလို မကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပဲ ကြောက်ရွံ့နေတဲ့ အသွင်မျိုးလည်း ဖြစ်စေပါတယ်။ ဒါကြောင့် လက်သည်း ခဏခဏကိုက်တတ်ရင် ပြင်သင့်ပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ပျောက်သွားအောင် ကူညီပေးနိုင်တဲ့ အရာတွေလည်း အများကြီးရှိပါတယ်။ အဲ့ထဲကမှ လူတိုင်းလုပ်ဖို့လွယ်ကူတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းညှပ်ပါ

လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် လက်သည်းအရှည်မထားပါနဲ့။ နည်းနည်းလေးရှည်လာတာနဲ့ ညှပ်ပစ်ပါ။ လက်သည်းနည်းနည်းလေးတောင် မရှည်တော့ရင် ကိုက်စရာလည်း မရှိတော့တဲ့အတွက် လက်သည်းကိုက်ချင်ရင်တောင် ကိုက်လို့မရတော့ပါဘူး။

လက်ချောင်းတွေကိုအလုပ်ပေးပါ

လက်သည်းအမြဲကိုက်လေ့ရှိတဲ့သူက စိတ်ကထိန်းချုပ်နေရင်တောင် အလိုလို လက်သည်းကိုက်မိသွားတာပါ။ လက်ကအားနေရင် ကိုက်မိနေမှာပါပဲ။ ဒါကြောင့် လက်ချောင်းလေးတွေကို အလုပ်ပေးပါ။ အကောင်းဆုံးကတော့ အားနေရင် Crochet ထိုးတာမျိုးသာ လုပ်နေပါ။

ပါးစပ်ကိုအလုပ်ပေးပါ

ခုနကလို လက်ချောင်းလေးတွေကို အလုပ်ပေးလို့မရတဲ့ အခြေအနေမှာဆိုရင် ပါးစပ်ကို အလုပ်ပေးပါ။ ပီကေဝါးနေတာမျိုး၊ စုပ်လုံးငုံထားတာမျိုး လုပ်ပေးပါ။ ဒါဆိုရင် လက်သည်းကိုက်မိတော့မှာ မဟုတ်ပါဘူး။

သတိပေးစာကပ်ထားပါ

ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ ထင်သာမြင်သာရှိတဲ့ နေရာတော်တော်များများမှာ လက်သည်းမကိုက်မိအောင် သတိပေးစာတွေရေးပြီး ကပ်ထားလိုက်ပါ။ ဒါဆိုရင် မေ့ပြီးကိုက်မိရင်တောင်မှ အဲ့စာတွေမြင်ပြီး သတိရသွားမှာပါ။

လက်အိတ်စွပ်နေပါ

အပေါ်မှာပြောခဲ့သလို လက်ချောင်းတွေကို အလုပ်ပေးရအောင် Crochet လည်းမထိုးတတ်ဘူး၊ ပီကေဝါးတာ၊ စုပ်လုံးငုံတာတွေလည်း မလုပ်ဖြစ်ဘူးဆိုရင် အိမ်မှာနေတဲ့အချိန်တွေမှာ လက်အိတ်စွပ်ပြီးသာ နေလိုက်ပါ။ လက်အိတ်စွပ်ထားတော့ လက်သည်းလည်း ကိုက်မိတော့မှာ မဟုတ်ပါဘူး။

ဒီလိုတွေလုပ်ရင်းနဲ့ လက်သည်းမကိုက်ဖြစ်တော့တာ ကြာလာရင် ကိုက်တတ်တဲ့အကျင့်လည်း ပျောက်သွားမှာပါ။