ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တစ်ရက်ကို ပြောပါဆိုရင် သင့်ရဲ့အသစ်စက်စက်စမတ်ဖုန်းကို စသုံးတဲ့ ပထမဆုံးရက်လည်း တစ်ရက်အပါအဝင်ဖြစ်ပါလိမ့်မယ်။ အသစ်စက်စက်ဖုန်းကို သုံးလိုက်ရတဲ့ ဖီလင်ကို သင် အခုအချိန်ထိ မှတ်မိကောင်းမှတ်မိပါလိမ့်မယ်။

လူတိုင်းကတော့ ကိုယ့်ကိုယ်ပိုင်ဖုန်းကို အချိန်အကြာကြီး အသုံးခံစေချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့လည်း အမှှုမဲ့ အမှတ်မဲ့နဲ့ ပြုလုပ်လိုက်မိတဲ့ အမူအကျင့်တွေက သင့်ရဲ့စမတ်ဖုန်းကို ပျက်စီးသွားစေပါတယ်။ ဥပမာ စမတ်ဖုန်းကို စားပွဲပေါ် (သို့) တစ်နေရာရာပေါ်သို့ ပစ်တင်လိုက်တာမျိုး၊ ရေစိုလက်နဲ့ ကိုင်မိလိုက်တာမျိုးတွေက သင့်ရဲ့ဖုန်းကို တဖြည်းဖြည်း ပျက်စီးယိုယွင်းလာစေပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့စမတ်ဖုန်းကို နှစ်ရှည်လများ အသုံးခံအောင် ဘယ်လိုထိန်းသိမ်းသင့်သလဲ။

ဖုန်းအားသွင်းပေါက်ကို သွားကြားထိုးတံဖြင့် သန့်ရှင်းရေး လုပ်ပါ

အားသွင်းပေါက်ထဲမှာ ဖုန်တွေ ကပ်ငြိနေတတ်တာကြောင့် သွားကြားထိုးတံဖြင့် ရံဖန်ရံခါ သန့်ရှင်းရေး ပြုလုပ်ပေးပါက သင့်ရဲ့ဖုန်းက သန့်ရှင်းတောက်ပြောင်နေမှာပဲဖြစ်ပါတယ်။

ကားပေါ်မှာ ဖုန်းတင်ထားတဲ့အခါ

လျှောမကျအောင် ကူညီပေးတဲ့ အောက်ခံပြားတွေက သင့်ဖုန်းကို ကားဘောင်ပေါ်ကနေ လျှောမကျဖို့အတွက် ရာနှုန်းပြည့်အာမ မခံပါဘူး။ ကားမောင်းတဲ့အခါ သင် အရှိန်တင်လိုက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ဘရိတ် ဆောင့်နင်းလိုက်တဲ့အချိန်ပဲဖြစ်ဖြစ် အောက်ကို ပြုတ်ကျလာပြီး သင့်ဖုန်း ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဖုန်းကို မြဲစေမယ့် Phone Holder လေးတစ်ခု ကားပေါ်မှာ တပ်ထားပေးလိုက်ပါ။

အာမခံကတ်ပြားကို အကျိုးရှိရှိ အသုံးချပါ

သင့်ရဲ့ဖုန်းက အတွင်းဒဏ်ရာ ရတာပဲဖြစ်ဖြစ်၊ အပြင်ဒဏ်ရာ ရတာပဲဖြစ်ဖြစ် အာမခံကတ်ပြားအသုံးပြုပြီး မိမိဝယ်ခဲ့တဲ့ဆိုင်မှာပဲ ဝန်ဆောင်မှုရယူသင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းက အကုန်အကျများခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

မလိုအပ်ပါက Bluetooth ကို ပိတ်ထားပါ

Bluetooth က အသုံးဝင်တဲ့အရာတစ်ခုဖြစ်ပေမယ့် အန္တရာယ်များတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ Bluetooth ကို တစ်ချိန်လုံး ဖွင့်ထားပြီး အော်တိုဒေါင်းလုတ်ခ်ကိုပါ မတော်တဆဖွင့်ထားမိမယ်ဆိုရင် အန္တရာယ်များတဲ့ဆော့ဖ်ဝဲများ မိမိဖုန်းထဲ ဝင်ရောက်လာနိုင်ပါတယ်။

ဖုန်းအားကုန်တဲ့အထိ မသုံးပါနဲ့

ဖုန်းအားကုန်ခါနီးအထိ ဖုန်းအားမသွင်းရဘဲ ဖုန်းပိတ်သွားတဲ့အဖြစ်မျိုး ကြုံဖူးကြပါလိမ့်မယ်။ တခါတရံက ကိစ္စမရှိပေမယ့် ကြိမ်ဖန်များလာတဲ့အခါ သင့်ဖုန်းဘက်ထရီကို ပျက်စီးသွားစေနိုင်ပါတယ်။

ဆော့ဖ်ဝဲကို မကြာခဏ Update တင်ပေးပါ

ထိုကဲ့သို့ Update တင်ခြင်းအားဖြင့် သင် ဖုန်းသုံးတဲ့အခါ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ အထစ်အငေါ့တွေကို ဖြေရှင်းပေးနိုင်ပါတယ်။

လေဆိပ်က အများပြည်သူသုံး အားသွင်းကြိုးတွေကို အသုံးမပြုပါနဲ့

သင့်ဖုန်းထဲက ဒေတာအားလုံးကို လုံခြုံစိတ်ချစေချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှ မိမိကိုယ်ပိုင်ပစ္စည်းတွေကိုသာ အသုံးပြုပါ။

အားကစား ပြုလုပ်တဲ့အခါ လက်မောင်းမှာ ပတ်ထားခြင်းမျိုး ရှောင်ကြဉ်ပါ

အပူချိန်၊ ရေနဲ့ ဆားဓာတ်က သင့်ရဲ့စမတ်ဖုန်းကို ပျက်စီးစေတဲ့ အဓိကတရားခံ သုံးမျိုးပဲဖြစ်ပါတယ်။ လက်မောင်းမှာ ပတ်ထားတဲ့အခါ သင့်ဖုန်းက လေမရတော့ဘဲ အပူချိန်လွန်ကဲလာမယ်။ သင့်ဖုန်း ရေထဲ ပြုတ်ကျတဲ့အခါ ပျက်စီးသွားသလိုမျိုးပဲ သင့်ချွေးကထွက်တဲ့ ဆားဓာတ်ကလည်း ဖုန်းကို ပျက်စီးသွားစေပါတယ်။ ယနေ့ခေတ်မှာ စမတ်နာရီတွေ ခေတ်စားလာပြီဆိုတော့ အားကစားလုပ်တဲ့အခါ ဖုန်းကို မေ့ထားပြီး စမတ်နာရီနဲ့ ဖက်ရှင်ကျလိုက်ပါ။

Source: Brightside.me