လူငယ်တော်တော်များများက ညဆိုတော်ရုံနဲ့မအိပ်တော့ မနက်ကျ အိပ်ယာထနောက်ကျပြီး လုပ်စရာရှိတာတွေ၊ သွားစရာရှိတာတွေက ကမောက်ကမဖြစ်၊ ပြာယာခက်ကုန်တာပါပဲ။ ဒါကြောင့် အိပ်ယာထနောက်ကျလို့ အမြဲတမ်း ပြာယာခက်နေရတဲ့သူတွေအတွက် မဖြစ်မနေ လုပ်ကြည့်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

စောစောအိပ်ပါ

ညဘက်နောက်ကျမှအိပ်ရင်တော့ မနက်မထနိုင်ပဲ အိပ်ယာထနောက်ကျနေမှာပါပဲ။ ဒါကြောင့် စောစောအိပ်တတ်အောင် အကျင့်လုပ်ဖို့လိုပါတယ်။ ဒီနေ့ ၁၀ နာရီအိပ်ရင် နောက်နေ့လည်း ၁၀ နာရီကို ပုံမှန်အိပ်ပါ။ မအိပ်ချင်လည်း အိပ်ယာထဲဝင်ပြီး မျက်စိမှိတ်နေပါ။ ကြာရင် အကျင့်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် အိပ်ယာထနောက်ကျတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။

အိပ်ခါနီး Screen Time မသုံးပါနဲ့

အိပ်ခါနီးဖုန်းသုံးတာ၊ TV ကြည့်တာတွေက မျက်စိကြောင်ပြီး တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အိပ်မပျော်ရင် မနက်အိပ်ယာထ နောက်ကျပါမယ်။ ဒါကြောင့် အိပ်ခါနီး ၁ နာရီ (သို့) ၂ နာရီအလိုမှာ screen time လုံးဝမသုံးပါနဲ့တော့။

ညထဲကအဆင်သင့်လုပ်ထားပါ

ညမအိပ်ခင်မှာ မနက်လုပ်ရမယ့်ဟာတွေ၊ ထည့်သွားရမှာတွေ၊ ဝတ်မှာတွေ အကုန်လုံးကို ပြင်ဆင်ပြီး အဆင်သင့်လုပ်ထားပါ။ ဒါမှ မနက်အိပ်ယာထနောက်ကျရင်တောင် ပြာယာခက်ပြီး သွားမယ့်အချိန် နောက်ကျတာမျိုးတွေ ဖြစ်မှာမဟုတ်တော့ပါဘူး။ အိပ်ယာထနောက်မကျလည်း ဒီလိုသာကြိုပြီး ညထဲကအဆင်သင့်လုပ်ထားရင် မနက်ကျအေးဆေးလုပ်ဖို့ အချိန်ရတာပေါ့။

နှိုးစက်ပေးပါ

ကိုယ်က မနက်အိပ်ယာထနောက်ကျတတ်တယ်၊ နှိုးရလည်းခက်တယ်၊ နှိုးရင်တောင်မှ ပြန်အိပ်တတ်တယ်ဆိုရင်တော့ နှိုးစက်သာပေးထားလိုက်ပါ။ နှိုးစက်ကို ၅ ကြိမ်လောက်သာ ပေးထားပါ။ နောက်ပြီး နှိုးစက်ကို အိပ်ယာဘေးမှာမထားပါနဲ့။ အိပ်ယာဘေးထားရင် လက်လှမ်းမှီနေတော့ အလွယ်ပြန်ပိတ်ပြီး အိပ်နေမိပါလိမ့်မယ်။ ဒါကြောင့် နှိုးစက်ကိုလည်း အိပ်ယာနဲ့ဝေးဝေးမှာထားပါ။