ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ အမြဲတမ်း ပျင်းရိနေတတ်တဲ့စိတ်ကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ ပျင်းရိနေတဲ့စိတ်တွေကို ဖယ်ထုတ်ပစ်ဖို့ try ကြည့်လိုက်ရအောင်…။

ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကိုရှာဖွေပါ

တစ်ချိန်လုံးပျင်းရိနေပြီး ရုပ်ရှင်ကြည့်လိုက်၊ ဖုန်းသုံးလိုက်၊ အိပ်လိုက်နဲ့ အချိန်ကုန်နေရင် ပျင်းတဲ့စိတ်က ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို ရှာဖွေကြည့်ပါ။ စူးစမ်းလေ့လာကြည့်ပါ။ ကိုယ်ဝါသနာပါတာ၊ ကိုယ်ဖြစ်ချင်တာတွေကို ရှာတွေ့ပြီဆိုရင် စတင်လုပ်ဆောင်ကြည့်ပါ။ ဖြစ်အောင်လုပ်မယ်၊ ကြိုးစားကြည့်မယ်ဆိုတဲ့စိတ်ကိုထည့်ပြီး လုပ်ကြည့်ပါ။ ကိုယ့်အတွက်လည်း အများကြီးအကျိုးရှိစေသလို ပျင်းရိနေတဲ့စိတ်လည်း ပျောက်သွားစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

လူတစ်ယောက်မှာ အိပ်ချိန်က အရမ်းကိုအရေးကြီးပါတယ်။ အိပ်ချိန်မမှန်တာတွေ၊ အိပ်ရေးမဝတာတွေက ပျင်းတဲ့စိတ်ကိုပိုဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ချိန်၊ ထချိန်ကို သတ်မှတ်ပြီး အဲ့အတိုင်းပုံမှန်လုပ်ပေးပါ။ အိပ်ရေးဝနေရင် လူကလန်းဆန်းပြီး စိတ်ကြည်နေတဲ့အတွက် နေ့လည်ဘက်တွေမှာ ပျင်းရိပြီး လှဲချင်နေတာမျိုး၊ အိပ်ချင်နေတာမျိုးတွေလည်း မဖြစ်ပါဘူး။

လေ့ကျင့်ခန်းလုပ်တဲ့အချိန်သတ်မှတ်ပါ

ပျင်းရိတဲ့စိတ်ပျောက်အောင် ကိုယ့်ရဲ့တစ်နေ့တာ plan ထဲမှာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကို ထည့်ပေးပါ။ လေ့ကျင့်ခန်းလုပ်မယ့်အချိန်ကိုလည်း သတ်မှတ်ထားပါ။ မနက် ၇ နာရီလုပ်မယ်ဆိုရင် မနက်တိုင်း ၇ နာရီမှာလုပ်ပါ။ ဒီလိုအချိန်မသတ်မှတ်ထားရင် လုပ်လိုက်မလုပ်လိုက်နဲ့ ဖြစ်နေမှာပါ။ လေ့ကျင့်ခန်းလုပ်မှ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး active ဖြစ်နေမှာပါ။

အားနေရင်စာဖတ်တဲ့အကျင့်လုပ်ပါ

အပေါ်ကအချက်တွေကိုလည်း လိုက်လုပ်ပါတယ် ဒါပေမယ့် အားနေသေးတယ်ဆိုရင် အားတဲ့အချိန်မှာ မပျင်းအောင်လို့ စာဖတ်တဲ့အကျင့်လေးလုပ်ပေးပါ။ စာဖတ်တဲ့အခါမှာလည်း ဘဝအတွက် အကျိုးရှိစေမယ့် စာအုပ်တွေ၊ စိတ်ခွန်အားဖြစ်စေမယ့် motivation စာအုပ်တွေ၊ ဗဟုသုတရစေမယ့်စာအုပ်တွေကို ရွေးဖတ်ပေးပါ။

သန့်ရှင်းကျန်းမာအောင်နေပါ

ကိုယ့်ရဲ့ lifestyle ကို သန့်ရှင်းကျန်းမာအောင်နေပါ။ ပျင်းရိနေပြီး အိပ်ယာထဲပဲ ခွေခေါက်နေတာမျိုး မလုပ်ပါနဲ့။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ အစားအသောက်မှန်မှန်စားပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။