ရေမွှေးဆွတ်ထားရင် အနံ့ကခဏလေးနဲ့ပြယ်သွားတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုရေမွှေးနံ့ကြာရှည်မခံတာ၊ ဆွတ်တုန်းခဏပဲ အနံ့ရတာမျိုးက ကိုယ်သုံးတဲ့နည်းမမှန်ကန်လို့ပါ။ ဒါကြောင့် ရေမွှေးဆွတ်တဲ့အခါ ခန္ဓာကိုယ်မှာ ကြာရှည်စွာအနံ့စွဲနေစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ရေမွှေးသုံးရတာကြိုက်တဲ့သူတွေနဲ့ ကိုယ့်ခန္ဓာကိုယ်မှာ အမွှေးနံ့အမြဲရှိနေတာမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမယ့် နည်းလမ်းတွေဖြစ်မှာပါ။

ရေချိုးပြီးပြီးချင်းရေမွှေးဆွတ်ပါ

ရေချိုးပြီးပြီးချင်းမှာ ရေမွှေးဆွတ်ပေးမယ်ဆိုရင်တော့ fresh ဖြစ်ပြီး အနံ့လည်းပိုမွှေးပါတယ်။ ရေချိုးပြီးပြီးချင်းဆိုတော့ အသားကခြောက်နေတဲ့အတွက် တခြားအနံ့မရှိပဲ ရေမွှေးနံ့တစ်မျိုးပဲရှိနေမှာပါ။

Moisturizer လိမ်းပြီးရေမွှေးဆွတ်ပါ

အနံ့မပါတဲ့ lotion, cream စတဲ့ moisturizer တွေကိုလိမ်းပြီး ရေမွှေးထပ်ဆွတ်ပေးမယ်ဆိုရင်တော့ ရေမွှေးနံ့က ခန္ဓာကိုယ်မှာကြာရှည်ခံပြီး အနံ့လည်းပိုစွဲစေပါတယ်။

Petroleum jelly သုံးပါ

Petroleum jelly (သို့) အလွယ်တကူဝယ်လို့ရတဲ့ vaseline ကို ရေမွှေးဆွတ်မယ့်နေရာမှာ သုတ်လိမ်းလိုက်ပါ။ ပြီးမှ အဲ့နေရာကို ရေမွှေးဆွတ်ပေးမယ်ဆိုရင်တော့ ရေမွှေးနံ့က ခန္ဓာကိုယ်မှာကြာရှည်ခံပြီး အနံ့ပိုစွဲစေပါတယ်။

ဆံပင်ကိုဆွတ်ပါ

မိန်းကလေးတွေဆိုရင် ဆံပင်ကို ရေမွှေး တစ်ချက်၊ နှစ်ချက်လောက် ဆွတ်ပေးပါ။ ရေမွှေးနံ့က ဆံပင်မှာစွဲပြီး ဆံပင်ခါလိုက်တိုင်း၊ မျက်နှာနားကို ဆံပင်ရောက်လာတိုင်းမှာ ရေမွှေးနံ့လေးရနေစေပါတယ်။ အနံ့ကလည်း တစ်ရက်၊ နှစ်ရက်လောက်ကို စွဲနေတာပါ။

နားထိပ်လေးမှာဆွတ်ပါ

ရေမွှေးကို နားထိပ်လေးမှာ တို့ပြီးဆွတ်ပေးခြင်းကလည်း ရေမွှေးနံ့ကြာရှည်ခံပြီး အနံ့စွဲနေစေပါတယ်။

လက်ကောက်ဝတ်မှာဆွတ်ပြီးမပွတ်ပါနဲ့

တော်တော်များများက လက်ကောက်ဝတ်မှာ ရေမွှေးဆွတ်ပြီးရင် လက်ကောက်ဝတ်နှစ်ဖက်ကို ပွတ်တတ်ပါတယ်။ ဒီလိုလုပ်တာက ရေမွှေးအနံ့ပြယ်သွားစေပါတယ်။ ရေမွှေးနံ့လည်း ကြာရှည်မခံပါဘူး။ ဒါ့အပြင် ကိုယ်သုံးတဲ့ရေမွှေးနံ့ပါ အနံ့တစ်မျိုးပြောင်းသွားစေပါတယ်။