အမြဲတမ်းစိတ်ညစ်နေရတယ်၊ အပြည့်အဝမပျော်ရွှင်နိုင်ဘူးဆိုတာတွေက ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုတွေကို ကိုယ်တိုင်ဖျက်စီးပစ်နေတဲ့ အလေ့အကျင့်ဆိုးတွေ ရှိပါတယ်။ အမြဲတမ်း စိတ်ချမ်းသာပြီး ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ဒီအလေ့အကျင့်ဆိုးတွေကို ကိုယ်တိုင်လုပ်မိနေတာရှိရင်လည်း ပြင်ဆင်ဖို့လိုပါတယ်။

ခံစားချက်တွေကိုမြိုသိပ်ထားခြင်း

ခံစားချက်တွေကို မြိုသိပ်ထားရင် သူများထက်ပိုပြီး ခံစားရပါတယ်။ သူများထက်ပိုပြီး နာကျင်ရပါတယ်။ ဒါကြောင့် ဝမ်းနည်းရင်ငိုလိုက်၊ ခံစားနေရတာတွေရှိရင် ဖွင့်ပြောလိုက်၊ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပဲ နေထိုင်ပါ။ ဒါမှ ကိုယ်စိတ်သက်သာရာရမှာပါ။ မဟုတ်ရင်တော့ အမြဲတမ်း မွန်းကြပ်ပြီး ခံစားနေရမှာပါ။

မကောင်းမြင်စိတ်များနေခြင်း

အရာရာကို မကောင်းမြင်စိတ်နဲ့ပဲကြည့်နေမယ်၊ မကောင်းတဲ့ဘက်က အဆိုးဘက်ကတွေပဲ တွေးနေမယ်ဆိုရင် ဘယ်တော့မှ အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။ အကျင့်ကြီးဖြစ်သွားရင် မကောင်းပါဘူး။ ကိုယ်ပဲပိုပြီး စိတ်ပင်ပန်းရပါတယ်။ ဘာမှမဖြစ်သေးတာကို ကြိုတွေးရင်တောင်မှ အဆိုးဘက်ကပဲတွေးပြီး ပူလောင်နေရပါတယ်။ ဒါကြောင့် မကောင်းမြင်တတ်တဲ့ အလေ့အကျင့်ကို ပြင်ဖို့လိုပါတယ်။

သူများကိုကြည့်ပြီးပဲအားကျနေခြင်း

အောင်မြင်နေတဲ့သူတွေ၊ ကိုယ့်ထက်သာနေတဲ့သူတွေကိုပဲ အမြဲတမ်းကြည့်ပြီး အားကျနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်တွေက အလိုလိုဝင်လာမှာပါ။ ကိုယ့်ဘဝကို ဘယ်တော့မှ တင်းတိမ်တာမျိုးတွေ မရှိတော့ပဲ ပူလောင်နေရတာ၊ စိတ်ဖိစီးနေရတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သူများကိုပဲကြည့်ပြီး အားကျနေတာတွေ၊ သူများနဲ့လိုက်နှိုင်းယှဉ်နေတဲ့ အကျင့်တွေကို ပြင်ရမှာပါ။

အတိတ်ကနေရုန်းမထွက်နိုင်ခြင်း

ဘယ်လောက်ပဲ ပျော်စရာတွေရှိနေပါစေ အတိတ်ကနေရုန်းမထွက်နိုင်ရင် အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် လွှတ်ချသင့်တာတွေကို လွှတ်ချပြီး၊ မေ့သင့်တာတွေကို မေ့ပစ်ရပါမယ်။ လက်ရှိမှာ စိတ်သစ်လူသစ်နဲ့ ပျော်အောင်နေပြီး အတိတ်ကို ပြန်ပြန်တွေးနေတတ်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့လိုပါတယ်။