မနက်တိုင်း အိပ်ယာထရမှာပျင်းနေလို့ တော်ရုံနဲ့မထဖြစ်တဲ့သူတွေ၊ မဖြစ်မနေထရမှာ ဖြစ်ပေမယ့် ပျင်းပြီးမထချင်တဲ့သူတွေအတွက် အိပ်ယာထရမှာပျင်းတဲ့ အကျင့်ကို ပျောက်အောင်လုပ်ပေးမယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အိပ်ချိန်ထချိန်ကိုသတ်မှတ်ထားပါ

နောက်ကျမှအိပ်ရင် အိပ်ရေးမဝတော့ မနက်ဆို ထချင်မှာမဟုတ်ပါဘူး။ ထရမှာကို အရမ်းပျင်းပြီး အချိန်ရရင်ရသလို ၅ မိနစ်ရလည်း ပြန်အိပ်နေမှာပါပဲ။ ဒါကြောင့် အိပ်ချိန်ထချိန်ကို သေချာသတ်မှတ်ပြီး စောစောအိပ်မယ်ဆို စောစောနိုးပါမယ်။ ည ၁၀ နာရီအိပ်၊ မနက် ၇ နာရီထမယ်လို့ သတ်မှတ်ပြီး နေ့တိုင်းလုပ်ရင် အကျင့်ဖြစ်ပြီး အချိန်ကျတာနဲ့ အလိုလိုနိုးနေမယ်၊ အိပ်ရေးဝတဲ့အတွက် ပျင်းပြီးမထချင်တာမျိုးလည်း မဖြစ်တော့ပါဘူး။

နောက်တစ်နေ့အတွက်ကြိုစီစဉ်ထားပါ

နောက်နေ့အတွက် ကြိုတင်စီစဉ်ပြီး ပြင်ဆင်ထားမယ်ဆိုရင် မနက်နိုးလည်း စိတ်ပူစရာတွေမရှိတဲ့အတွက် စိတ်ကြည်လင်ပြီး ထနိုင်မှာပါ။ လုပ်စရာရှိသေးတယ်ဆိုတဲ့အတွေးနဲ့ နိုးထရတာက တစ်ခါတစ်လေကျရင် ပျင်းဖို့ကောင်းပါတယ်။ မထချင်ဘူး၊ မလုပ်ချင်ဘူးဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။

စိတ်တည်ငြိမ်အောင်အရင်လုပ်ပါ

စိတ်တည်ငြိမ်အောင် အရင်လုပ်ပါဆိုတာကတော့ မနက်နိုးတာနဲ့ လှဲနေရင်းနဲ့ပဲ အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ ရှူသွင်းလိုက်နဲ့ ၅ ကြိမ်လုပ်ပြီးမှ ချက်ချင်းထပါ။ ပြီးရင် တရားထိုင်သလိုပုံစံမျိုးနဲ့ ထိုင်ပြီးတော့ ခုနကလိုပဲ အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ ရှူသွင်းလိုက်နဲ့ ၅ မိနစ်၊ ၁၀ မိနစ်လောက် လုပ်ပေးပါ။ ဒါဆိုရင်တော့ အိပ်ယာနိုးတာနဲ့ လန်းဆန်းပြီး စိတ်ကြည်လင်သွားမယ်၊ စိတ်တည်ငြိမ်သွားပါမယ်။

တစ်ရေးပြန်မှေးတာမျိုးမလုပ်ပါနဲ့

နိုးလာရင်မထပဲနဲ့ တစ်ရေးပြန်မှေးလိုက်တာမျိုးတွေက ပိုပြီးအပျင်းကြီးစေပါတယ်။ ထရမှာ ပိုပျင်းသွားပါတယ်။ ဒါကြောင့် နိုးတာနဲ့ တစ်ရေးပြန်မှေးတာမျိုးမလုပ်ပဲ အပေါ်မှာပြောခဲ့တဲ့ အရာတွေကို အရင်လုပ်ကြည့်ပါ။ ကြာလာရင် အိပ်ယာထရမှာပျင်းတဲ့အကျင့်က ပျောက်သွားပါလိမ့်မယ်။