လူတစ်ယောက်ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ ကိုယ့်လုပ်ရပ်၊ အပြောအဆို၊ အတွေးအခေါ်တွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်တော့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ရော အများကြီးကောင်းတာပေါ့။ ဒါကြောင့် သင့်ကို အရင်ထက်ပိုပြီး ရင့်ကျက်လာအောင် ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဖြစ်သင့်တာကိုပဲအမြဲတွေးနိုင်ခြင်း

ဖြစ်သင့်တာကိုမစဉ်းစားပဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲတွေးနေမယ်၊ မဖြစ်လာရင်၊ မရရင် စိတ်ဆိုးဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုးက မရင့်ကျက်တဲ့သူတွေ လုပ်တဲ့အရာပါ။ အရာရာကို ဖြစ်သင့်တာပဲ အမြဲတွေးပြီး သေချာကိုင်တွယ် လုပ်ဆောင်မယ်ဆိုရင် ကိစ္စတိုင်း အဆင်ပြေသွားမှာပါ။ ဒီလိုပဲအမြဲလုပ်မယ်ဆိုရင် အရင်ထက်ပိုပြီး ရင့်ကျက်လာမှာပါ။

အကောင်းဘက်ကများများတွေးခြင်း

ဘယ်အရာမဆို အဆိုးဘက်ကတွေးရင် ကိုယ့်စိတ်လည်း ညစ်ထွေးစေတယ်၊ မကောင်းမြင်စိတ်တွေများလာရင် ဒေါသထွက်လွယ်မယ်၊ စိတ်ခံစားမှုလွယ်လာပါမယ်။ ဒါကြောင့် အရာရာကို အကောင်းဘက်က များများတွေးပေးပါ။ အကောင်းဘက်ကပဲ တွေးတာများလာရင် စိတ်ညစ်စရာဖြစ်နေရင်တောင် အရမ်း Stress ပိတာမျိုး မဖြစ်တော့ပါဘူး။ ဒီအရာကလည်း သင့်ကို ရင့်ကျက်လာအောင် ကူညီပေးမှာပါ။ ပြီးရင်တော့ ကိုယ်ချင်းစာစိတ် ထားဖို့ပါပဲ။

ခေါင်းအေးအေးထားပြီးလုပ်ဆောင်ခြင်း

ကိစ္စတစ်ခုဖြစ်လာရင် သွေးပူပြီး စိတ်ရှိတဲ့အတိုင်း ထလုပ်လိုက်တာမျိုး မဖြစ်ပါစေနဲ့။ ဘာမှမစဉ်းစားပဲလုပ်ရင် အမှားတွေးပဲဖြစ်နေမှာပါ။ ဒါကြောင့် ကိစ္စတစ်ခုခု ဖြစ်လာရင် ထူပူမနေပဲ အရင်ဆုံး ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုသာ သေချာစဉ်းစားပြီး တစ်ခုချင်းစီကို လုပ်သွားမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ဒါကလည်း သင့်ကို ရင့်ကျက်လာအောင် ကူညီပေးနိုင်တဲ့အရာတွေထဲက တစ်ခုပါပဲ။

ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ခြင်း

ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုပါ။ စိတ်တိုတိုင်း၊ ဒေါသထွက်တိုင်း ဘာမှမစဉ်းစားပဲ ထသောင်းကျန်းတာမျိုးက လုံးဝမရင့်ကျက်တဲ့သူတွေ လုပ်တာပါ။ ရင့်ကျက်တဲ့သူတွေကတော့ တစ်ခုခုဆို ကိုယ့်စိတ်ကို သေချာထိန်းချုပ်ပြီး ခေါင်းအေးအေးထား လုပ်ဆောင်သွားတာပါ။