ညဘက်တွေမှာ ခဏခဏ အိပ်မပျော်ဖြစ်နေတဲ့သူတွေအတွက် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။ အိပ်မပျော်တာကို ကြိုးစားပြီးမပြင်ပဲ အိပ်မပျော်တဲ့အတိုင်း ဖုန်းသုံးလိုက်၊ ဂိမ်းဆော့လိုက် လုပ်မယ်ဆိုရင်တော့ အိပ်မပျော်တာက အကျင့်ဖြစ်သွားပြီး ပိုဆိုးလာမှပါ။

ဒါကြောင့် အရေးအကြီးဆုံးကတော့ အိပ်မယ့်အချိန်နဲ့ ထမယ့်အချိန်ကို သတ်မှတ်လိုက်ပါ။ ညဘက် ၁၁ နာရီအိပ်မယ်ဆိုရင် မနက် ၇ နာရီထပါ။ နေ့တိုင်း အချိန်မှန်အိပ်ပြီး အချိန်မှန်ထပေးပါ။ မအိပ်ချင်လည်း အချိန်ကျတာနဲ့ အိပ်ယာထဲဝင်နေပြီး မျက်စိမှိတ်ထားလိုက်ပါ။ အကျင့်ဖြစ်သွားရင် အဲ့အချိန်ရောက်တာနဲ့ အိပ်ချင်လာမှာပါ။

အိပ်ခါနီးမှာ ရေများများမသောက်ပါနဲ့။ ရေများများသောက်ရင် ခဏခဏအပေါ့သွားချင်တဲ့အတွက် အိပ်ရတာ အနှောက်အယှက်ဖြစ်ပါတယ်။ ကော်ဖီကို ညနေ ၅ နာရီကစပြီး လုံးဝမသောက်ပါနဲ့။ အိပ်ခါနီးမှာ အစာစားတဲ့အကျင့်ကိုလည်း ရှောင်ပေးပါ။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးရင် ကောင်းကောင်းအိပ်ပျော်ပါတယ်။

ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တာ၊ ခဏခဏ အိပ်မပျော်ဖြစ်နေတာတွေက စိတ်ဖိစီးမှုတွေ၊ Stress တွေရှိနေလို့လည်း ပါပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ Stress တွေလျော့ကျသွားအောင် အိပ်ခါနီးမှာတရားထိုင်ပေးပါ။ တရားထိုင်တာက စိတ်ကိုတည်ငြိမ် အေးချမ်းစေတဲ့အပြင် ကောင်းမွန်စွာနဲ့လည်း အိပ်ပျော်နိုင်ပါတယ်။

Yoga ကျင့်ပေးတာလည်း အရမ်းကောင်းပါတယ်။ စိတ်ဖိစီးမှုတွေ Stress တွေ လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တတ်ရင် နေ့ခင်းဘက်နဲ့ ညနေဘက်မှာ အိပ်တာကို ရှောင်ရပါမယ်။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကို အနှောက်အယှက်ပေးပါတယ်။

ညအိပ်ခါနီး အနည်းဆုံး တစ်နာရီအလိုလောက်ကစပြီး ဖုန်းလုံးဝမသုံးပါနဲ့။ ကွန်ပြူတာနဲ့ တီဗီလည်းမကြည့်ပါနဲ့။ ပျင်းနေရင် အပေါ်မှာပြောသလို Yoga ကျင့်၊ တရားထိုင်၊ စာအုပ်ဖတ်တာတွေ လုပ်ပေးပါ။

အိပ်ယာနဲ့ အိပ်ခန်းကို သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကောင်းအောင် ဂရုစိုက်ပေးပါ။ အိပ်ခန်းနဲ့ အိပ်ယာက အနံ့အသက်တွေမကောင်းပဲ ညစ်ပတ်နေရင် အိပ်ရတာ အနှောက်အယှက်ဖြစ်စေပါတယ်။ ကောင်းကောင်း အိပ်မပျော်ဖြစ်စေပါတယ်။

အိပ်ခန်းက အလင်းရောင်တွေအားလုံးကိုလည်း ပိတ်ထားဖို့လိုပါတယ်။ မီးပိတ်ပြီးမအိပ်တတ်တဲ့သူဆိုရင် မီးမှိန်မှိန်လေးထွန်းပြီး Eye Cover တပ်အိပ်ပါ။ ကိုယ်အိပ်မယ့်အခန်းက တိတ်ဆိတ်ငြိမ်သက်နေရင် အကောင်းဆုံးပါပဲ။