စိတ်ဓာတ်ကျနေတဲ့သူကို သတ်နိုင်တာက စကားလုံးနဲ့ အပြုအမူတွေပါပဲ။ စကားတစ်ခွန်းကြောင့် ပိုပြီးစိတ်ဓာတ်ကျပြီး ဘယ်လိုမှ ပြန်မထနိုင်တာမျိုးလည်း ရှိသလို စကားတစ်ခွန်းကြောင့် အားအင်တွေ ပြန်ပြည့်ဝလာတာမျိုးလည်း ရှိပါတယ်။ သူတို့အတွက်တော့ ကိုယ့်ရဲ့ ပြုမူပြောဆိုပုံတွေက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေထဲမှာ စိတ်ဓာတ်ကျနေတဲ့သူ ရှိတယ်ဆိုရင် သူတို့ကို ဒီလိုအရာတွေ လုံးဝမပြုမူမိပါစေနဲ့။

အပြစ်မတင်ပါနဲ့

စိတ်ဓာတ်ကျနေတဲ့သူကို အားပြန်တက်လာအောင် ပြောဆိုရမယ့်အချိန်မှာ သွားပြီး အပြစ်တင်တာမျိုး၊ ဝေဖန်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလောက်လေးနဲ့ ဘာလို့ဒီလိုဖြစ်နေတာလဲ၊ အပိုတွေလုပ်နေတယ် စသဖြင့် အပြစ်တင်ဝေဖန်တာတွေက သူတို့အတွက် ပိုပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်ရသလို ပိုပြီးလည်း စိတ်ဓာတ်ကျသွားစေနိုင်ပါတယ်။

လျစ်လျှူမရှုထားပါနဲ့

စိတ်ဓာတ်ကျတဲ့အခါ တစ်ယောက်ထဲနေချင်ကြတာ များပေမယ့် တကယ့်စိတ်ထဲမှာကတော့ သူများရဲ့ အားပေးကူညီမှု၊ ဖေးမမှုတွေကို လိုအပ်နေတာပါ။ ဒါကြောင့် ဒီလူစိတ်ဓာတ်ကျနေမှန်းသိရင် ဖေးမကူညီပေးပါ၊ အားပေးပါ၊ အနားမှာရှိနေပေးပါ။ လျစ်လျှူရှုပြီး တစ်ယောက်တည်း ပစ်မထားပါနဲ့။ အနားမှာနေပြီး ပျော်စရာကောင်းတာလေးတွေ ဖန်တီးပေးပါ။ အားတက်စေမယ့် စကားတွေ ပြောပေးပါ။

နားမထောင်ပဲရှောင်တာမျိုးမလုပ်ပါနဲ့

စိတ်ဓာတ်ကျနေတဲ့သူက တစ်ခါတစ်လေ ရင်ဖွင့်လာတဲ့အခါ စိတ်ရှုပ်စရာကောင်းတယ်ဆိုပြီး နားမထောင်ပဲ ရှောင်ထွက်တာမျိုး၊ စကားလမ်းကြောင်းလွှဲတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့ပြောချင်တာတွေကို သေချာဂရုတစိုက်နဲ့ နားထောင်ပေးပါ။ နားလည်ပေးပါ။ သူ့ကိုကိုယ်နားလည်တယ်ဆိုတာမျိုး ပြသပေးပါ။ ဒါဆိုရင် သူတို့ဘက်မှာ တစ်ယောက်တော့ ရှိတာပဲဆိုတဲ့စိတ်နဲ့ စိတ်သက်သာရာ ရစေတယ်၊ အားဖြစ်စေပါတယ်။

အရှက်ရအောင်မလုပ်ပါနဲ့

စိတ်ဓာတ်ကျပြီး Depression ဝင်လာတဲ့အခါ ဘဝကို အရှုံးပေးချင်စိတ်တွေ ရှိနေပါလိမ့်မယ်။ အဲ့တာကို ကိုယ်ကအရှက်ရအောင် ပြောဆိုပြုမူလိုက်မိရင်၊ မဆင်မခြင်လုပ်လိုက်မိရင် အခြေအနေတွေ ပိုဆိုးသွားနိုင်ပါတယ်။