ဘာမှမစဉ်းစားနိုင်တော့လောက်အောင် စိတ်တွေအရမ်းရှုပ်ထွေးပြီး ဒေါသထွက်တဲ့အချိန်တွေကို တစ်ခါတစ်လေမှာ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မှာ တော်တော်များများက ဘာမှမမြင်တော့ပဲ ဒေါသအလျောက် မစဉ်းစားပဲ လုပ်လိုက်မိတတ်ပါတယ်။

ပြောချင်တာတွေပြော၊ လုပ်ချင်တာတွေလုပ်ပြီး နောက်မှ နောင်တရတာမျိုးတွေမဖြစ်အောင် ကိုယ့်စိတ်ကိုထိန်းပြီး ဆင်ခြင်ဖို့လိုပါတယ်။ ဒါကြောင့် စိတ်ရှုပ်ပြီး ဒေါသထွက်နေတဲ့အချိန်မှာ စိတ်သက်သာရာရပြီး တည်ငြိမ်သွားအောင် ဒီအရာတွေကို အရင်လုပ်ကြည့်သင့်ပါတယ်။

သီချင်းနားထောင်ပါ

တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနေပြီး မျက်လုံးလေးပိတ်ကာ သီချင်းနားထောင်နေပါ။ သီချင်းအေးအေးလေးတွေ၊ ကြည်နူးစရာကောင်းတဲ့ သီချင်းလေးတွေကို နားထောင်ပေးရင်တော့ စိတ်တည်ငြိမ်ပြီး ဒေါသတွေ၊ စိတ်ရှုပ်နေတာတွေ လျော့ကျသွားမှာပါ။ သီချင်းမြူးမြူးလေးတွေနားထောင်ပြီး ခုန်ပေါက်ကခုန်ကာ အော်ဟစ်သီဆိုလိုက်မယ်ဆိုရင်တော့ စိတ်ပေါ့ပါးပြီး အားလုံးပြေပျောက်သွားပါလိမ့်မယ်။

လေ့ကျင်ခန်း၊ ယောဂလုပ်ပါ

စိတ်တွေရှုပ်ထွေးပြီး ဒေါသထွက်လာရင် တော်တော်များများက ပြေးတာ၊ ရေကူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ အဲ့တာတွေမလုပ်ချင်ရင်တော့ ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။ သွေးပူပြီး ချွေးတွေထွက်သွားတဲ့အထိ လေ့ကျင့်ခန်းလုပ်လိုက်ရင် ပေါ့ပါးသွားပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ရတာ ပင်ပန်းလို့မလုပ်ချင်ဘူးဆိုရင် ယောဂကျင့်ပါ။ ယောဂကျင့်တာက စိတ်တည်ငြိမ်ပြီး stress တွေ၊ ဒေါသတွေ၊ စိတ်ရှုပ်စရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

တစ်ယောက်ထဲအေးဆေးအနားယူပါ

စိတ်တွေရှုပ်ထွေးပြီး ဒေါသထွက်နေချိန်မှာ တစ်ယောက်ထဲနေတာက အကောင်းဆုံးပါပဲ။ အဲ့အချိန်က စိတ်ဆတ်နေတဲ့အတွက် ပြဿနာတက်နိုင်ချေ အများဆုံးပါ။ ဒါကြောင့် ဘယ်သူနဲ့မှမတွေ့ပဲ တစ်ယောက်ထဲသာ အေးအေးဆေးဆေး အနားယူပါ။ ဘာမှမစဉ်းစားပဲ စိတ်ကို relax လုပ်ပါ။

တိတ်ဆိတ်တဲ့နေရာမှာစာဖတ်ပါ

စာဖတ်လေ့ရှိတဲ့သူဆိုရင် စိတ်ရှုပ်ပြီး ဒေါသထွက်နေတဲ့အချိန်မှာ ဘာမှစဉ်းစားမနေပါနဲ့တော့။ ဘာမှလုပ်မနေပါနဲ့တော့။ ဘယ်သူမှမရှိတဲ့ တိတ်တိတ်ဆိတ်ဆိတ်နေရာမှာ စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့သာ စာထိုင်ဖတ်နေပါ။ စိတ်သက်သာရာရပြီး အားလုံးကိုမေ့သွားပါလိမ့်မယ်။