အခုနောက်ပိုင်းမှာတော့ တော်တော်များများက ညဘက်ဆိုရင် တော်ရုံနဲ့အိပ်မပျော်တာမျိုး၊ တချို့ကျတော့လည်း နောက်ကျမှအိပ်တာ အကျင့်ဖြစ်သွားတာပါ။ ညဘက်တွေ အချိန်နဲ့ သေချာမအိပ်တာက ကျန်းမာရေးအတွက် မကောင်းသလို အလှအပကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်အောင် ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်စက်ချိန်နဲ့ နိုးထချိန်ကိုသတ်မှတ်ထားပါ။ ညဘက် ၁၀ နာရီအိပ်မယ်ဆိုရင် မနက် ၆ နာရီထပါ။ နေ့တိုင်းအချိန်မှန်မှန်အိပ်ပြီး အချိန်မှန်မှန်ထပေးပါ။ ဒါကိုအကျင့်လုပ်ပေးမယ်ဆိုရင်တော့ အိပ်ချိန်ရောက်တာနဲ့ အလိုလိုအိပ်ချင်လာပါလိမ့်မယ်။

အိပ်ခါနီးမှာ ရေအများကြီးသောက်ရင် ခဏခဏ အပေါ့သွားချင်တဲ့အတွက် အိပ်စက်မှုကို အနှောက်အယှက်ပေးပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်ကတော့ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်စေတာကြောင့် ညနေဘက်ကစပြီး မသောက်တာ အကောင်းဆုံးပါ။ အိပ်ခါနီးမှာ အစာစားတဲ့အကျင့်ကိုလည်း ပြင်ဖို့လိုပါတယ်။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကောင်းကောင်းအိပ်ပျော်စေမှာပါ။

နေ့ခင်းဘက်နဲ့ ညနေဘက်မှာ အိပ်တာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကို အနှောက်အယှက်ပေးပါတယ်။ ညဘက်အိပ်ခါနီး တစ်နာရီအလို (သို့) နှစ်နာရီအလိုလောက်ကစပြီး ဖုန်းလုံးဝမသုံးပါနဲ့။ ကွန်ပြူတာနဲ့ တီဗီလည်းမကြည့်ပါနဲ့။

Stress တွေများနေရင်လည်း ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ပါဘူး ဒါကြောင့် stress များနေရင် ယောဂကျင့်တာ၊ တရားထိုင်တာတွေ လုပ်ပေးပါ။ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

ကိုယ်အိပ်တဲ့အိပ်ယာ၊ ကိုယ့်အိပ်ခန်းက သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကောင်းနေဖို့လည်း လိုပါတယ်။ မသန့်ရှင်းရင် ယားယံပြီး တော်ရုံနဲ့ အိပ်မပျော်တာမျိုးဖြစ်စေလို့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး အေးနေမယ်ဆိုရင်တော့ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဒီအချက်တွေကိုသာ သေချာလေးလုပ်ပြီး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်မှာပါ။