တစ်ခုခုဆိုအမြဲတမ်း အတွေးတွေအရမ်းများနေတာမျိုး၊ Negative ဘက်ကချည်းပဲတွေးနေတာမျိုးဆို ပျော်စရာရှိရင်တောင် ဘယ်တော့မှ အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုအပြည့်အဝ မပျော်ရွှင်နိုင်အောင်လုပ်နေတဲ့ အတွေးတွေကို ပြောပြပေးလိုက်ပါတယ်။

Overthinking

အရမ်းကို Overthinking ဖြစ်လွန်းတဲ့သူက ပျော်စရာရှိရင်တောင် အပြည့်အဝမပျော်ရပါဘူး။ အတွေးတွေနဲ့မျောပြီး မပျော်ရရင်လည်း သူများထက်ပိုဆိုးတာမျိုး၊ ပျော်ရရင်လည်း ခဏပဲပျော်ရတာမျိုး ဖြစ်နေမှာပါ။ ဒါကြောင့် တစ်ခုခုဆို အရမ်းတွေးမနေပါနဲ့။ မဖြစ်သေးတာတွေကြိုတွေးနေရင်လည်း စိုးရိမ်ပူပန်စိတ်တွေနဲ့ စိတ်ညစ်နေရမှာပါ။ ဖြစ်ပြီးတာတွေကို ထိုင်တွေးနေပြန်တော့လည်း ကိုယ်ပဲစိတ်ဆင်းရဲရတာပါ။

Serious ဖြစ်လွန်းခြင်း

တစ်ခုခုကို အရမ်းကို Serious ဖြစ်နေရင်လည်း သူများထက်ပိုခံစားရပါတယ်။ ပျော်စရာရှိရင်တောင် ဒီစိတ်ကြီးနဲ့ အဆင်မပြေပါဘူး။ အမြဲလိုလို အရေးမကြီးတဲ့ ကိစ္စအသေးအမွှားလေးတွေကအစ လိုက်ခံစားပြီး Serious ဖြစ်နေမယ်ဆိုရင် ကြာရင် အကျင့်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပဲပိုပြီး စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် အရမ်း Serious မဖြစ်ပါနဲ့။

သူများနဲ့လိုက်နှိုင်းယှဉ်ခြင်း

ကိုယ့်ကိုယ်ကို အမြဲတမ်း သူများနဲ့လိုက်နှိုင်းယှဉ်နေရင်တောင် အမြဲစိတ်ပင်ပန်းရပြီး ပျော်ရွှင်ရမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အလိုမကျတဲ့စိတ်တွေ ပိုများလာပါလိမ့်မယ်။ အရာရာကို လိုက်နှိုင်းယှဉ်နေရင် ကိုယ့်ကိုယ်ကို ပိုပြီးသိမ်ငယ်စိတ်ဝင်လာမယ်၊ အားမလိုအားမရတွေဖြစ်လာမယ်၊ နေရတာမပျော်တော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာပါမယ်။

လိုချင်တာတွေများနေခြင်း

အရမ်းကိုလိုချင်တာတွေများနေရင်လည်း စိတ်ဆင်းရဲရပါတယ်။ လိုချင်တာတစ်ခုရပြီးရင်တောင် နောက်ထပ်လိုချင်စိတ်တွေ များနေသေးတော့ အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။

မကောင်းတဲ့ဘက်ကပဲတွေးနေခြင်း

ကိစ္စတစ်ခုကို အကောင်းဘက်ကနေ ဘယ်တော့မှမတွေးပဲ မကောင်းတဲ့ဘက် အရင်တွေးနေမိမယ်ဆိုရင်တော့ ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။ တကယ်တော့ ကိုယ်ပျော်ရတယ်၊ ဝမ်းနည်းရတယ်ဆိုတာ ကိုယ့်အတွေးတွေနဲ့လည်း ဆိုင်ပါတယ်။ အရာရာကို အကောင်းဘက်ကနေသာ ဖြည့်တွေးတတ်မယ်ဆိုရင် စိတ်ချမ်းသာရမှာဖြစ်သလို စိတ်လည်းပေါ့ပါးသွားစေပါတယ်။