အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်တာက စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ အလုပ်များရင်တောင် ခဏလောက်တော့ နားချိန်ဖဲ့ပေးသင့်ပါတယ်။ အချိန်ကြာကြာထိုင်ပြီး တောက်လျှောက် အလုပ်လုပ်တဲ့သူတွေဆီမှာ ဒီလိုအရာတွေ အများဆုံးဖြစ်လေ့ရှိပါတယ်။

ညောင်းညာကိုက်ခဲခြင်း

အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်တဲ့အခါမှာ အထူးသဖြင့် ခါးနာပါတယ်။ ကွန်ပြူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေဆိုရင် အချိန်ကြာကြာထိုင်လုပ်တဲ့အခါ ဇာတ်ကြောတက်ပြီး အာရုံကြောအားနည်းတာ၊ ခါးနာပြီး ညောင်းညာကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

စိတ်မကြည်မလင်ဖြစ်ခြင်း

တောက်လျှောက် အချိန်ကြာကြာ ထိုင်လုပ်နေရတဲ့အတွက် ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာတွေ ဖြစ်လာပြီး စိတ်ရောကိုယ်ပါ ညစ်နွမ်းလာတယ်၊ စိတ်မကြည်တော့ဘူး၊ တစ်ခုခုဆို စိတ်ဆတ်လွယ်မယ်၊ အာရုံနောက်ပြီး စိတ်ရှုပ်တာတွေပါ ဖြစ်လာပါလိမ့်မယ်။ အစထဲက စိတ်မရှည်တတ်တဲ့သူတွေဆိုရင် ဒေါသထွက်လွယ်နေပါလိမ့်မယ်။

စဉ်းစားနိုင်စွမ်းတွေလျော့ကျလာခြင်း

အချိန်ကြာကြာ ဆက်တိုက်အလုပ်လုပ်နေရင် စဉ်းစားနိုင်စွမ်းတွေ၊ အိုင်ဒီယာတွေက လျော့ကျလာပါတယ်။ ဘယ်လောက်ပဲ ညှစ်ထုတ်ပြီးစဉ်းစားစဉ်းစား မရတော့ပဲ စိတ်တိုလာပါမယ်။ အိုင်ဒီယာအသစ်တွေလည်း မထွက်တော့ပါဘူး။ ဒီလိုဖြစ်လာရင် ခဏလောက်နားလိုက်ပါ။ အပြင်ထွက်လမ်းလျှောက်တာ၊ တစ်ခုခုသောက်တာမျိုးလုပ်ပေးပါ။

ဝိတ်တက်၊ အဆီတက်လာခြင်း

အချိန်ကြာကြာ ထိုင်ပြီးအလုပ်လုပ်ရင် ဝိတ်တက်လာစေပါတယ်။ အလုပ်လုပ်လည်းထိုင်၊ ပြီးရင် အစားအသောက်စားလည်းထိုင်၊ ပြီးရင်လည်း လမ်းလျှောက်တာ လှုပ်ရှားတာမျိုးတွေမလုပ်ပဲ ဆက်ထိုင်ပြီးပဲ အလုပ်ဆက်လုပ်နေတာတွေက ဝိတ်တက်၊ အဆီတက်စေပါတယ်။ အထူးသဖြင့် ဗိုက်မှာအဆီပိုစုလာပြီး ပိန်တဲ့သူတောင်မှ ဗိုက်ခေါက်ထွက်လာစေနိုင်ပါတယ်။