အိပ်ချင်တဲ့အချိန် ဝင်အိပ်ပြီး နိုးတဲ့အချိန်မှထတာမျိုးထက် အိပ်တဲ့အချိန်နဲ့ ထမယ့်အချိန်ကို သတ်မှတ်ထားလိုက်တာက ပိုကောင်းပါတယ်။ ဒီလိုသတ်မှတ်ထားခြင်းက သင့်အတွက် ကောင်းကျိုးတွေ ရရှိလာစေပါတယ်။

လွယ်ကူစွာအိပ်ပျော်လာခြင်း

၁၀ နာရီအိပ်မယ်လို့ သတ်မှတ်ပြီး အကျင့်လုပ်အိပ်သွားရင် ပုံမှန် ၁၀ နာရီထိုးခါနီးရင် အိပ်ချင်လာမှာပါ။ ကိုယ့်အိပ်ချိန်ရောက်လို့ ဝင်အိပ်လိုက်တာနဲ့လည်း အလွယ်တကူ အိပ်ပျော်သွားပါလိမ့်မယ်။

မနက်စောစောထဖို့လွယ်ကူလာခြင်း

အိပ်တဲ့အချိန်နဲ့ ထမယ့်အချိန်ကို သတ်မှတ်ထားတဲ့အတွက် အကျင့်ဖြစ်ပြီး ကိုယ်ထနေကျအချိန်ရောက်တာနဲ့ အလိုလိုနိုးနေမှာပါ။ စောစောထဖို့ Alarm ပေးနေစရာတောင် မလိုတော့ပါဘူး။ နောက်ကျမှာကိုလည်း စိတ်ပူနေစရာ မလိုတော့ပါဘူး။

အိပ်မပျော်ခြင်းမှကင်းဝေးခြင်း

အိပ်ချင်တဲ့အချိန်ဝင်အိပ်ပြီး အိပ်ရေးမဝတာတွေဖြစ်လာရင် ကျန်းမာရေးထိခိုက်ပြီး အိပ်မပျော်တဲ့ရောဂါလည်း ဖြစ်လာပါလိမ့်မယ်။ အိပ်တဲ့အချိန်နဲ့ ထမယ့်အချိန်ကို သတ်မှတ်ထားမယ်ဆိုရင်တော့ အိပ်မပျော်ဖြစ်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ သူ့အချိန်နဲ့သူ အလိုလိုအိပ်ချင်လာပြီး ခေါင်းချတာနဲ့ မြန်မြန်အိပ်ပျော်စေပါတယ်။

ကိုယ်ခံအားပိုကောင်းလာခြင်း

အိပ်ရေးပျက်တာတွေများလာရင် ကိုယ်ခံအားမကောင်းပဲ ရောဂါတွေအလွယ်တကူ ဝင်လာတာမျိုး၊ အားနည်းတာ၊ ခေါင်းမူးမိုက်တာတွေ ဖြစ်လာပါလိမ့်မယ်။ အချိန်သတ်မှတ်ပြီး အိပ်တာ၊ ထတာ လုပ်ပေးရင်တော့ အမြဲအိပ်ရေးဝနေမှာဖြစ်တဲ့အတွက် ကိုယ်ခံအားလည်း ပိုကောင်းလာမှာပါ။

စိတ်တိုလွယ်ခြင်းတွေလျော့ကျလာခြင်း

အိပ်ရေးပျက်တဲ့အခါ တစ်ခုခုဆို စိတ်တိုလွယ်တာ၊ စိတ်မကြည်လင်တာတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်းသာ အိပ်ရေးဝနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာလည်း ပိုကောင်းလာပြီး စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တာတွေလည်း လျော့ကျလာပါလိမ့်မယ်။

Active ဖြစ်လာခြင်း

စောစောအိပ်၊ စောစောထပြီး အိပ်ရေးလည်းဝတဲ့အတွက် အိပ်ချိန်ကလည်း ပုံမှန်ရှိနေတဲ့အတွက် နေ့တိုင်း လန်းဆန်းပြီး Active ဖြစ်နေပါလိမ့်မယ်။ စိတ်ကြည်လင်ပြီး တက်ကြွနေပါလိမ့်မယ်။ ကိုယ်ရောစိတ်ပါ နေရတာပေါ့ပါးလန်းဆန်းမှု ရှိစေပါတယ်။