တော်တော်များများက ညဘက်တွေမှာ တော်ရုံနဲ့မအိပ်ပဲ ဖုန်းသုံးနေကြတာ များပါတယ်။ နောက်ဆက်တွဲက ကျန်းမာရေးလည်း ထိခိုက်စေသလို ကိုယ့်ရဲ့ Lifestyle ကိုလည်း ထိခိုက်လာစေပါတယ်။ အကောင်းဆုံးကတော့ ညဘက်စောစောအိပ် မနက်စောစောထတာ အကောင်းဆုံးပါ။ အချိန်မှန်မှန်နဲ့ အကျင့်လုပ်ပြီး အိပ်ချိန်နဲ့ စောစောအိပ်ပေးမယ်ဆိုရင်တော့ ဒီလိုကောင်းကျိုးတွေ ရလာပါလိမ့်မယ်။

အိပ်မပျော်တဲ့အကျင့်ပျောက်စေခြင်း

တော်ရုံနဲ့မအိပ်ပဲနေတာတွေက ကြာလာရင် အကျင့်ဖြစ်ပြီး အိပ်မပျော်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်အိပ်ချိန်ထားပြီး မအိပ်ပဲ အိပ်ချင်တဲ့အချိန်မှအိပ်ရင် မနက်လည်း နိုးမှာမဟုတ်ပါဘူး။ မဖြစ်မနေ အလုပ်သွား၊ ကျောင်းသွားရတဲ့သူတွေဆိုရင် အိပ်ရေးမဝတာတွေ ဖြစ်လာပါမယ်။ ဒါကြောင့် အကျင့်လုပ်ပြီး ညဘက်တွေမှာ အချိန်မှန်မှန်နဲ့ စောစောအိပ်မယ်ဆိုရင်တော့ အိပ်မပျော်တဲ့အကျင့်လည်း ပျောက်သွားပါလိမ့်မယ်။ အကျင့်လုပ်ပေးရင် ဒီအချိန်ရောက်တာနဲ့ အိပ်ချင်လာမှာပါပဲ။

Stress တွေလျော့ကျစေခြင်း

ညဘက်တွေမှာ အချိန်မှန်မှန် စောစောအိပ်ပေးမယ်ဆိုရင် အိပ်ရေးဝပြီး ကိုယ့်မှာရှိတဲ့ Stress တွေလည်း လျော့ကျသွားစေပါတယ်။ အိပ်ရေးမဝရင် ပင်ပန်းတာနဲ့ စိတ်ညစ်စရာရှိတာနဲ့ဆို Stress ပိုပိစေပါတယ်။

စိတ်ရောကိုယ်ပါလန်းဆန်းမှုရှိစေခြင်း

အချိန်မှန်မှန်နဲ့ စောစောအိပ်မယ်ဆိုရင် မနက်စောစောနိုးပြီး အိပ်ရေးလည်းဝနေတဲ့အတွက် စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ ခေါင်းလည်းကြည်စေပါမယ်။ စိတ်မကြည် ခေါင်းမကြည်ဖြစ်ရင် တစ်နေကုန် စိတ်တိုပြီး နေရတာအဆင်မပြေတော့ပါဘူး။ ဘာလုပ်လုပ်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

လေးလံထိုင်းမှိုင်းတာတွေလျော့ကျစေခြင်း

နောက်ကျမှအိပ်ပြီး အိပ်ရေးမဝရင် ခေါင်းတွေထိုင်းမှိုင်းပြီး ဇာတ်ကြောတွေတက်၊ နေရတာမအီမသာနဲ့ ထိုင်းမှိုင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်မှန်မှန်နဲ့ စောစောအိပ်မယ်ဆိုရင် လေးလံထိုင်းမှိုင်းတာတွေလည်း လျော့ကျသွားမှာပါ။

အသားအရေပိုကောင်းလာစေခြင်း

အိပ်ရေးမဝရင်၊ အိပ်ချိန်တွေနောက်ကျရင် Healthy Lifestyle မဖြစ်တော့တဲ့အတွက် အသားအရေ ထိခိုက်လာပါမယ်။ မျက်ကွင်းညိုမယ်၊ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်၊ မျက်နှာမှာလည်း အရေးအကြောင်းတွေ ပေါ်လာမယ်၊ အသားအရေညစ်ပါမယ်။ ညဘက်တွေမှာ အချိန်မှန်မှန် စောစောအိပ်မယ်ဆိုရင်တော့ အသားအရေက ပိုကောင်းလာမှာပါ။