လူတစ်ယောက်မှာ အိပ်စက်ချိန်က အရမ်းကိုအရေးကြီးပါတယ်။ ဘယ်လောက်ပဲ အလုပ်များပြီး stress တွေပိနေပါစေ ကိုယ့်ရဲ့အိပ်ချိန်ကိုတော့ သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ခါတစ်လေကတော့ သိပ်ပြီး ကိစ္စမရှိပေမယ့် အိပ်ချိန်နည်းပြီး အိပ်ရေးပျက်တာတွေများလာရင် ဒီလိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ထိခိုက်ခြင်း

အိပ်ချိန်နည်းပြီး အိပ်ရေးပျက်တာတွေများလာတော့ ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်လာနိုင်ပါတယ်။ အာရုံကြောအားနည်းတာ၊ ခဏခဏ သတိမေ့တာမျိုးတွေ ဖြစ်တတ်ပြီး တစ်ခုခုကိုလုပ်တဲ့အခါမှာလည်း မှတ်နိုင်စွမ်းတွေ လျော့ကျလာပါတယ်။ တစ်ခုခုကို သင်ယူတဲ့အခါမှာလည်း အရင်လို မမှတ်နိုင်တော့တာမျိုးတွေ ဖြစ်လာပြီး သင်ယူနိုင်စွမ်းတွေလည်း လျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်အတွက် အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းအရေးကြီးပါတယ်။

Mental Health ထိခိုက်ခြင်း

အိပ်ရေးပျက်တာတွေများလာရင် လူကကြောင်လာတယ်၊ ဂါနေတယ်ဆိုတာမျိုး ပြောလေ့ရှိကြမှာပါ။ တကယ်လည်း အိပ်ရေးပျက်တာတွေများရင် တစ်ခုခုဆို အရမ်းစိတ်ဆတ်ပြီး အလိုမကျတာ၊ ဒေါသထွက်လွယ်တာ၊ စိတ်မကြည်တာတွေ ဖြစ်လာပါတယ်။ အမြဲလိုလို အိပ်ရေးပျက်တာတွေ များလာရင်တော့ depression နဲ့ anxiert ဖြစ်လွယ်လာပါလိမ့်မယ်။

လူတော်တော်များများရဲ့ ပြဿနာက စိတ်ညစ်စရာရှိရင်၊ ဝမ်းနည်းစရာရှိရင် ညဘက်တွေမှာ အိပ်မပျော်ဖြစ်ကြတာပါပဲ။ အိပ်မပျော်တာကို ကြိုးစားပြီးမအိပ်ပဲ အတွေးတွေများနေလို့ ပိုပြီးအိပ်မပျော်ဖြစ်လာတယ်၊ အဲ့ကနေမှ အိပ်မပျော်တဲ့ရောဂါဆိုပြီး ဖြစ်တော့တာပါပဲ။ ဒီလိုတွေဖြစ်လာရင် mental health ကို ထိခိုက်နိုင်တာကြောင့် ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အိပ်ရေးဝအောင်အိပ်ပါ။

အသားအရေထိခိုက်လာခြင်း

အိပ်ရေးပျက်တာတွေများလာရင် အရင်ဆုံးဖြစ်လာမှာကတော့ မျက်ကွင်းညိုလာမယ်၊ ကြာလာရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေ ပေါ်လာပြီး အိုမင့်ရင့်ရော်တာတွေ ဖြစ်လာပါမယ်။ အိပ်ချိန်မမှန်တဲ့အပြင် အိပ်ရေးပါပျက်တော့ ဝက်ခြံတွေအများကြီး ကန်ထွက်လာတာမျိုးတွေ ဖြစ်လာပါမယ်။

Skincare လုပ်နေပြီး အသားအရေကောင်းမလာဘူး၊ အသားအရေက ညစ်ညစ်ကြီးဖြစ်နေတယ်၊ အရေးအကြောင်းတွေလည်း ပေါ်လာတယ်ဆိုရင် အိပ်ရေးပျက်တာတွေများနေလား၊ အိပ်ချိန်ကောမှန်ရဲ့လားဆိုတာကို ပြန်စစ်ကြည့်ဖို့ လိုနေပါပြီ။