Piercing က ဘယ်နေရာမှာပဲလုပ်လုပ် အခန့်မသင့်ရင် ပိုးဝင်တတ်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။ ဒီတစ်ခါမှာတော့ Lip Piercing လုပ်ထားတဲ့သူတွေအတွက် သိထားသင့်တဲ့အရာနဲ့ ဂရုစိုက်ရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Cleansing

ခံတွင်းအတွင်းပိုင်းကို Cleansing လုပ်ပေးရပါမယ်။ အစာစားပြီးတိုင်း Alcohol မပါတဲ့ ခံတွင်းသန့်ဆေး ဒါမှမဟုတ် ဆားရည်နဲ့ စက္ကန့် 30 ကြာ သန့်ရှင်းပေးရပါမယ်။ Piercing လုပ်ထားတဲ့ အပြင်ဘက်ပိုင်းကိုလည်း Cleansing လုပ်ပေးရပါမယ်။ Jewelry နဲ့ Piercing နားတစ်ဝိုက်ကို Mild ဖြစ်တဲ့ဆပ်ပြာနဲ့ သန့်စင်ပေးပါ။ Piercing နားတစ်ဝိုက်ကို ရေနွေးနဲ့ ဆေးပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

ဖြေးဖြေးချင်းစားပါ

Lip Piercing လုပ်ထားခါစမှာ အစားကို မြန်မြန်ဝါးစားတာ၊ ကိုက်တာမျိုး မလုပ်ပါနဲ့။ ပျော့တဲ့အစားအစာတွေ စားပေးပါ။ မာတဲ့အစားအစာတွေ စားမယ်ဆိုရင် အတုံးသေးသေးလေးတွေလှီးပြီး စားပေးပါ။ အေးတဲ့အစားအသောက်တွေကို စားပေးတာက နာကျင်တာကို သက်သာစေပါတယ်။ ပီကေလုံးဝမစားပါနဲ့။

ရေခဲငုံပါ

ရေခဲငုံပေးတာက ရောင်ရမ်းတာတွေ၊ နာကျင်တာတွေ သက်သာစေပါတယ်။ ဆေးသောက်တာမျိုးတွေ မလုပ်ချင်ရင် ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။

အရက်၊ ဆေးလိပ်၊ အစပ်ရှောင်ပါ

Lip Piercing လုပ်ပြီးခါစ 3 နာရီအတွင်းမှာ အစာစားခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကို ရှောင်ရပါမယ်။ စကားလည်း အရမ်းမပြောပါနဲ့။ Lip Piercing လုပ်ထားတာ အနာမကျက်မချင် အစပ်တွေမစားတာတော့ ပိုကောင်းပါတယ်။

လက်နဲ့မထိပါနဲ့

Lip Piercing လုပ်ထားတဲ့နေရာကို ခဏခဏလက်နဲ့ထိတာ ကိုင်တာမျိုးတွေ မလုပ်ပါနဲ့။ လက်မသန့်ရင် ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ရေမကူးပါနဲ့

အနာကျက်တဲ့အချိန် ပိုကြာသွားတာမျိုးမဖြစ်အောင် ရေကူးကန်နဲ့ ရေပူကန်တွေလိုမျိုး ကလိုရင်းပါတဲ့ရေတွေကို ရှောင်ရပါမယ်။ ဒါကြောင့် ရေမကူးပါနဲ့။ ရေမစိမ်ပါနဲ့။

ဒီအရာတွေနဲ့မသန့်ရှင်းပါနဲ့

Lip Piercing လုပ်ထားတဲ့နေရာကို Alcohol, အနံ့ပါတဲ့ဆပ်ပြာနဲ့ Hydrogen Peroxide, Antibacterial Ointments, Petroleum-based Creams or Gels စတဲ့အရာတွေနဲ့ သန့်ရှင်းတာမျိုး၊ ပွတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ချွေးပေါက်ပိတ်တာ၊ ယားယံတာတွေ ဖြစ်စေပါတယ်။ အနာမကျက်မချင်း Makeup လိမ်းတာကိုလည်း ရှောင်တာပိုကောင်းပါတယ်။

အနာမကျက်သေးပဲ Jewelry ကိုမလဲပါနဲ့

Lip Piercing လုပ်ထားတာ အနာမကျက်သေးပဲ စဖောက်တုန်းကတပ်ထားတဲ့ Jewelry ကို ဖြုတ်လဲတာမျိုး လုံးဝမလုပ်ပါနဲ့။ အရေပြားထိခိုက်နာကျင်ပြီး ပိုးဝင်တာ၊ အနာပိုးဆိုးသွားတာတွေ ဖြစ်တတ်ပါတယ်။