အလုပ်လုပ်တဲ့အချိန်မှာ စိတ်မကြည်မလင်ဖြစ်ပြီး ထိုင်းမှိုင်းနေရင် ပိုပင်ပန်းပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေသလို အိုင်ဒီယာတွေလည်း မထွက်တော့ဘူး၊ အလိုလိုနေရင်း စိတ်တိုနေပါလိမ့်မယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အချိန်မှာ စိတ်ကြည်လင်ပြီး တက်ကြွနေစေဖို့ ကူညီပေးနိုင်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။ အလုပ်လုပ်တဲ့အခါ ဒီအရာတွေကို အသုံးချကြည့်ပါ။

သီချင်းနားထောင်ရင်းလုပ်ပါ

သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်တာက စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။ အလုပ်လုပ်ရတာလည်း ပိုသွက်သလို ခံစားရစေပါတယ်။ ကွန်ပြူတာသမားတွေဆို နားကြပ်လေးတပ် အလုပ်လုပ်ကြည့်ပါ။ သီချင်းမြူးတာလေးတွေ နားထောင်ပါ။

ကော်ဖီ (သို့) Energy Drink တစ်ခုခုသောက်ပါ

ကော်ဖီ (သို့) Energy Drink တစ်ခုခုသောက်ပြီးတော့ အလုပ်လုပ်တာက Active ဖြစ်စေပြီး ခေါင်းကြည်စေပါတယ်။ အလုပ်လုပ်ရင်း အိပ်ငိုက်တာမျိုးလည်း မဖြစ်စေပါဘူး။

ကိုယ်ကြိုက်တဲ့မုန့်စားပါ

အစားတလိုင်းတွေဆိုရင်တော့ ကိုယ်ကြိုက်တဲ့မုန့်တွေဘေးချပြီး စားရင်းနဲ့လုပ်ပါ။ စားချင်တာတွေစားနေရရင် စိတ်ပျော်ရွှင်ပြီး အလုပ်နဲ့ပတ်သက်တဲ့ Stress တွေလည်း လျော့ကျသွားမယ်၊ ပိုပြီးတော့ တက်ကြွလန်းဆန်းလာပါမယ်။

အလုပ်စားပွဲ၊ အလုပ်နေရာကို လှပသပ်ရပ်အောင်ထားပါ

အလုပ်လုပ်တဲ့နေရာက ညစ်ပတ်နေရင်၊ အလုပ်စားပွဲက ရှုပ်ပွနေရင် ပိုပြီးစိတ်ရှုပ်စေပါတယ်။ စိတ်ကိုလည်း ညစ်နွမ်းစေပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်နေရာကို သန့်ရှင်းသပ်ရပ်အောင်ထားပါ။ အလုပ်စားပွဲကိုလည်း လှလှပပ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ထားပါ။ ဒါဆိုရင် အလုပ်လုပ်ရတာလည်း စိတ်ချမ်းသာရတယ်၊ စိတ်ကြည်လင်စေပါတယ်။

ပူတဲ့နေရာမှာမလုပ်ပါနဲ့

အလုပ်လုပ်ရလို့ Stress ပိတာကတစ်မျိုး၊ ပူတာကတစ်မျိုးဆိုရင် စိတ်တွေရှုပ်ပြီး စိတ်တိုလာမယ်၊ အလုပ်လုပ်ရတာလည်း စိတ်မပါဖြစ်လာပါမယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့နေရာ၊ Aircon အေးတဲ့နေရာမှာ အလုပ်လုပ်ပါ။ ကိုယ့်တစ်ကိုယ်စာအတွက် ပန်ကာအသေးလေးတွေ ဆောင်ထားတာလည်း ကောင်းပါတယ်။