ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ အချိန်အကြာကြီး ဆက်တိုက်မလုပ်သင့်ပါဘူး။ အနားမပေးပဲ အချိန်အကြာကြီး အလုပ်လုပ်တဲ့အခါ သင့်စိတ်နဲ့ ခန္ဓာကိုယ်မှာ ဒီလိုအရာတွေ ဖြစ်လာနိုင်ပါတယ်။

ပင်ပန်းလာခြင်း

အနားမပေးပဲ အချိန်အကြာကြီး အလုပ်လုပ်တဲ့အခါ အရင်ဆုံးဖြစ်လာမှာကတော့ ပင်ပန်းတာပါပဲ။ နေရတာထိုင်းမှိုင်းပြီး ပင်ပန်းလာမယ်၊ ခြေကုန်လက်ပမ်းကျတယ်ဆိုတာမျိုး ဖြစ်လာပါမယ်။ စိတ်ရောလူပါ ပင်ပန်းလာရင် Stress တွေများလာပါလိမ့်မယ်။ ဒါကြောင့် နားပြီးလုပ်ပါ။

ကိုယ်လက်နာခြင်း

အချိန်အကြာကြီး အလုပ်လုပ်တဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ ပင်ပန်းလာပြီး ကိုယ်လက်နာတာ၊ မအီမသာဖြစ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး နားလိုက် လုပ်လိုက်နဲ့ပဲ လုပ်ပေးပါ။

အကြောတက်၊ ခေါင်းကိုက်ခြင်း

ကွန်ပြူတာနဲ့ အလုပ်လုပ်ရတဲ့သူမှမဟုတ်ပါဘူး တခြားအလုပ်လုပ်တဲ့သူတွေလည်း အနားမပေးပဲ အချိန်ကြာကြာ အာရုံစိုက်ပြီးလုပ်ရင် အကြောတက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်လာစေပါတယ်။ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။

စိတ်တိုဒေါသထွက်လွယ်ခြင်း

အလုပ်ပဲတောက်လျှောက်လုပ်နေပြီး နားလည်းမနားတဲ့အတွက် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီး တစ်ခုခုဆို စိတ်ဆတ်လာမယ်၊ စိတ်မရှည်ဘူး၊ စိတ်တိုပြီး ဒေါသထွက်လွယ်လာပါမယ်။

အဆီများလာခြင်း

အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်တဲ့သူတွေကျတော့ အဆီတွေစုလာပါတယ်။ ဗိုက်နဲ့ခါးမှာ အဆီတွေများလာပါမယ်။

အိုင်ဒီယာအသစ်တွေမထွက်တော့ခြင်း

အိုင်ဒီယာထုတ်ပြီး အလုပ်လုပ်ရတဲ့သူတွေဆိုရင် ပိုပြီးတော့တောင် နားပေးသင့်ပါတယ်။ နားချိန်မရှိပဲ တောက်လျှောက်လုပ်တဲ့အခါ အိုင်ဒီယာအသစ်တွေမထွက်တော့ပဲ စိတ်တွေရှုပ်ထွေးလာပါလိမ့်မယ်။ ဘယ်လိုစဉ်းစားလို့မရတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။