လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပြုမူပုံတွေက အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ သတိထားရှောင်ကြဉ်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်လုပ်နေမိတာတွေရှိရင်လည်း ပြင်ဆင်လို့ရမှာပါ။

နောက်ကျခြင်း

အရေးကြီးအကြောင်းကိစ္စတစ်ခုကြောင့် တစ်ခါတစ်လေ နောက်ကျတာမျိုးက ကိစ္စမရှိပေမယ့် အမြဲတမ်း အလုပ်ကို နောက်ကျနေမယ်ဆိုရင်တော့ အချိန်မလေးစားရာကျပါတယ်။ အလုပ်ကိုလည်း အလေးမထားတဲ့ပုံစံ၊ ဂရုမစိုက်တဲ့ပုံစံမျိုးဖြစ်စေတာကြောင့် မလုပ်သင့်ပါဘူး။ ကြာရင်လည်း အလုပ်ကလူတွေက အမြင်ကပ်လာပါလိမ့်မယ်။

ဖုန်းသုံးခြင်း

အလုပ်ရောက်ရင် အလုပ်ကလူတွေနဲ့ ခဏစကားပြောတာက ဘာမှမဖြစ်ပေမယ့် တစ်ချိန်လုံး ဖုန်းသုံးနေတာမျိုး၊ ကိုယ့်အလုပ်ကိုပြီးအောင်မလုပ်ပဲ ဖုန်းသုံးနေတာမျိုးတွေက လုံးဝမလုပ်သင့်ပါဘူး။ အလုပ်ကလူကြီးတစ်ယောက် ကြည့်လိုက်ရင် ကိုယ်ဖုန်းသုံးနေတာကိုပဲ မြင်တယ်ဆိုပြီးလည်း အပြောခံရတာမျိုးတွေ ရှိလာနိုင်တာကြောင့် ဖုန်းသုံးတာကို ဆင်ခြင်သင့်ပါတယ်။

Personal ကိစ္စတွေအရမ်းပြောခြင်း

အလုပ်မှာ အလုပ်ကိစ္စပဲ ပြောဆိုသင့်တယ်ဆိုတာမျိုးတော့ မရှိပေမယ့်လည်း အလုပ်နဲ့ personal ကိစ္စတွေနဲ့ကို ခွဲခြားထားသင့်ပါတယ်။ အလုပ်မှာ တစ်ချိန်လုံး ကိုယ့် personal ကိစ္စတွေပဲပြောဆိုနေတာမျိုး၊ ရန်တွေဖြစ်၊ ဒေါသထွက်နေတာမျိုးတွေက အရမ်းရုပ်ပေါက်သလိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို ရှောင်ကြဉ်သင့်ပါတယ်။

နေချင်သလိုနေခြင်း

တချို့က အလုပ်မှာ ဘယ်သူ့မှဂရုမစိုက်ပဲ ကိုယ်နေချင်သလိုနေပြီး လုပ်ချင်တာလုပ်တာမျိုးတွေ ရှိပါတယ်။ ကိုယ့်အလုပ်ကိုယ်ပြီးရင် ပြီးရောဆိုပြီး နေချင်သလိုနေတာမျိုးတွေက အများနဲ့လုပ်ရတဲ့ လုပ်ငန်းခွင်မှာဆို အဆင်မပြေပါဘူး။ အားလုံးနဲ့အဆင်ပြေအောင် လိုက်လျောညီထွေဖြစ်အောင်နေမှ အဆင်ပြေတာပါ။

ဆင်ခြေများခြင်း

ကိုယ့်ကိုတစ်ခုခုခိုင်းလိုက်ပြီဆိုတာနဲ့ ဆင်ခြေတွေများပြီး အကြောင်းပြချက်တွေပေးနေတာမျိုး၊ ခိုင်းတာကို မလုပ်ပဲ အချိန်တွေနောက်ကျမှ ဆင်ခြေပေးနေတာမျိုး၊ မှားတာကိုလက်မခံပဲ ဆင်ခြေပေးနေတာမျိုးတွေက အလုပ်မှာ လူအမြင်ကပ်စရာ ဖြစ်စေပါတယ်။ အလုပ်ရှင်နဲ့ လူကြီးလည်း လုံးဝသဘောမကျတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။