အိပ်တဲ့အခါမှာ ဒီတိုင်းမအိပ်ပဲ ဘေးတစ်စောင်းအနေအထားနဲ့ ခြေထောက်ကြားထဲမှာ ခေါင်းအုံးညှပ်ပြီး အိပ်ပေးပါ။ ခြေထောက်ကြားထဲမှာ ခေါင်းအုံးညှပ်ပြီး အိပ်ပေးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

ကိုယ်ဟန်အနေအထားမှန်လာခြင်း

ကိုယ်က လက်ပြင်ကုန်းတာ၊ ခါးကုန်းတာ၊ ကိုယ်ဟန်အနေအထား မလှတာမျိုး ဖြစ်နေတယ်ဆိုရင် အခုကစပြီး အိပ်တဲ့အခါတိုင်းမှာ ခြေထောက်ကြားထဲမှာ ခေါင်းအုံးညှပ်ပြီးအိပ်ပါ။ ဒီလိုအိပ်ပေးခြင်းက ကိုယ်ဟန်အနေအထား မှန်လာစေဖို့ ကူညီပေးပြီး လက်ပြင်ကုန်းတာတွေလည်း မတ်သွားစေပါတယ်။

ခါးနာတာ၊ တင်ပါးနာတာ၊ တင်ပဆုံရိုးနာတာတွေ သက်သာစေခြင်း

ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်အိပ်ပေးခြင်းကြောင့် ခါးနာတာ၊ တင်ပါးနာတာ၊ တင်ပဆုံရိုးနာတာတွေ သက်သာစေပါတယ်။ တစ်ရက်ထဲနဲ့တော့ သိသာမှာမဟုတ်ပေမယ့် နေ့တိုင်းအိပ်ပေးသွားရင် ၃ ရက်၊ ၄ ရက်လောက်ဆို သက်သာပါတယ်။ အထိုင်များတဲ့သူတွေ၊ ခါးနာတတ်တဲ့သူတွေဆိုရင် အမြဲတမ်း ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်ပေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အိပ်စက်ရတာ သက်တောင့်သက်သာဖြစ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အိပ်တဲ့အခါမှာပဲဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေက ဘေးတစ်စောင်းအနေအထားနဲ့ ခြေထောက်ကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်ကြည့်ပါ။ ပုံမှန်ထက်ပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ကောင်းကောင်းအိပ်ပျော်စေခြင်း

တစ်ခါတစ်လေ ညဘက်တွေမှာ အိပ်မပျော်နိုင်ဖြစ်နေရင် ခြေထောက်ကြား ခေါင်းအုံးညှပ်ပြီး အိပ်ကြည့်ပါ။ ကောင်းကောင်းအိပ်ပျော်စေပြီး ညောင်းညာကိုက်ခဲတာတွေလည်း သက်သာစေပါတယ်။ လူတစ်ယောက်မှာ အိပ်စက်တဲ့ပုံစံအနေအထားကလည်း အရေးကြီးပါတယ်။ အနေအထားမမှန်တာကြောင့် ညောင်းညာကိုက်ခဲတာ၊ မနက်ရောက်ရင် ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအနေအထားနဲ့ ပြောင်းအိပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။