၄ နာရီဆိုတဲ့ အချိန်ဟာ တစ်နေ့တာရဲ့ ၆ ပုံတစ်ပုံ ဖြစ်ပါတယ်။ တစ်နေ့ကို ၈ နာရီ အလုပ်လုပ်မယ်ဆိုရင် နေရောင်ရှိသေးတဲ့ ကျန် ၄ နာရီမှာ ကိုယ့်အတွက် ထူးခြားတာတွေ လုပ်လို့ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မိနစ် ၂၄၀ အချိန်လေးကို လူတွေဟာ ပုံစံမျိုးစုံနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ ဒါပေမဲ့ ချမ်းသာသူတွေရဲ့ အချိန်အသုံးချတဲ့ ပုံစံနဲ့တော့ ကွာခြားတာ အမှန်ပါပဲ။ နောက်တစ်ခုက ချမ်းသာတဲ့သူတွေရဲ့ အချိန်သုံးတဲ့ပုံစံတွေကို လေ့လာအတုယူခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်ရဲ့ ဘဝကို မြှင့်တင်ဖို့ လမ်းစပေါ်နိုင်ပါတယ်။
Photo : GOBankingRates
Rich Habits Study လို့ ခေါ်တဲ့ လေ့လာမှုတစ်ခု ရှိပါတယ်။ CNBC က စာရေးသူ တွမ်ကော်လီရဲ့စစ်တမ်းသစ် ဖြစ်ပါတယ်။ ကော်လီဟာ ချမ်းသာတဲ့သူ ၂၃၃ ဦးနဲ့ ဆင်းရဲသူ ၁၂၈ ဦးကို အင်တာဗျူးခဲ့သူပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သူတို့ရဲ့ အချိန်တွေကို ဘယ်လို အသုံးချခဲ့တယ်။ နောက် ဘယ်လို ဖြစ်လာတယ်ဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။
ကော်လီရဲ့ တွေ့ရှိချက်ဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူတိုင်း တစ်ရက်ကို ၂၄ နာရီ အချိန်ရပေမယ့် ချမ်းသာတဲ့သူတွေကတော့ သူတို့ကို ပိုချမ်းသာ ပိုအောင်မြင်အောင် ဦးတည်ပေးတဲ့ အချိန်သုံးစွဲနည်းအကျင့် လုပ်ထားပါတယ်။သူ့လေ့လာမှုတွေအရ ချမ်းသာတဲ့သူတွေဟာ ပုံမှန်လူတန်းစားနဲ့ ဆင်းရဲသူတွေနဲ့ မတူတာလေးတွေကို တစ်ရက် မိနစ် ၂၄၀ ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။
Photo: Flipboard
တွေ့ရှိချက်အရ ချမ်းသာတဲ့သူ ၈၀% ကျော်ဟာ တစ်ရက်မှာ သူတို့ပန်းတိုင်နဲ့ စိတ်ကူးတွေ ချမှတ်ဖို့ မိနစ် ၆၀ အသုံးချပြီး ပညာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေမယ့် ကိစ္စတွေအတွက် မိနစ် ၆၀ ကုန်ဆုံးစေတယ်လို့ ဖော်ပြထားပါတယ်။ ချမ်းသာသူအားလုံးနီးပါးဟာ အပေါ့စား အားကစားလေ့ကျင့်ခန်းတွေ လုပ်ဖို့ တစ်ရက်ကို မိနစ် ၃၀ အချိန်ဖြုန်းကြပါတယ်။
Rich Habits Study မှာ ပါတဲ့ သူဌေး ၉၀% နီးပါးဟာ ချမ်းသာတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ဖို့ တစ်နေ့ကို မိနစ် ၃၀ နှစ်မြှပ်ထားပါတယ်။ ကျန်တဲ့ တစ်နာရီကို စိတ်အပန်းပြေအနားယူဖို့ အချိန်ယူတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ရဲ့ တစ်နေ့တာထဲက ၄ နာရီကို ဘယ်လို ကုန်ဆုံးသင့်သလဲလို့ တွေးမိစေမှာပါ။