ကမ္ဘာကျော် အင်္ဂလန်ဒါရိုက်တာကြီး ဆာဖိလစ်အန်တိုနီဟော့ပ်ကင်းစ် ပြောဖူးတာ ရှိပါတယ်။ “ကျွန်တော်တို့ဟာ ကိစ္စတိုင်းကို လိုက်တွေးပြီး ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်နေကြတယ်”တဲ့။ အတွေးလွန်ခြင်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းပါသလဲ။ Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။

(၁) အိပ်မပျော်ဖြစ်စေပါတယ်

Sleepless woman suffering from insomnia, sleep apnea or stress

Photo: Freepik

ဦးနောက်ကို အနားမပေးစတမ်း စုံစီနဖာတွေးတဲ့ ညတွေဟာ စိတ္တဇညတွေပါ။ ကမ္ဘာပေါ်မှာ ဆက်တိုက်အတွေးလွန်တဲ့ ပြဿနာကြောင့် ညည်အိပ်မပျော်တဲ့ သူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ အလွန်အကျွံတွေးတောမိန်းမောနေမှုဟာ အိပ်စက်ဖို့ ခက်ရုံတင်မကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပါ ကြုံလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်အတွေးကို ပြန်ထိန်းချုပ်ပါ။ အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ပါ။ ကိုယ်နဲ့ စိတ်အနားရစေမယ့် တရားမှတ်တာမျိုးကလည်း ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။

(၂) ကြောက်စိတ်ကို ဖြစ်စေပါတယ်

a student girl sitting at the desk biting her fist

Photo: Freepik

အတွေးနွံထဲ ကျွံသွားတာ ကြာလေလေ လူဟာ ပိုပြီး သွေးလန့်လာလေလေပါပဲ။ အနာဂါတ်ဟာ ဘယ်တော့မှ သေချာတာ မဟုတ်ပါဘူး။ အနာဂါတ်အကြောင်း အဖြေမရဘဲ ဝဲလှည်လှည့်ပြီး အတွေးနဲ့ ပိတ်လှောင်သူအတွက် ခိုကိုးစရာ မရှိတဲ့ ခံစားချက်ပဲ ရမှာပါ။ အတွေးလွန်ခြင်းဟာ သောကနဲ့ ကြောက်စိတ်ကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။

(၃) ခေါင်းကိုက်လာမယ်

Nervous stressed female student feeling headache studying in cafe

Photo: Freepik

အတွေးလွန်ခြင်းကြောင့် ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား ။ ခေါင်းကိုက်ကြောင်း ပြတဲ့ လက္ခဏာဟာ အနားယူဖို့ လိုနေပြီလို့ အချက်ပြနေတာပါ။ ဦးနောက်က ပင်ပန်းနွမ်းနယ်နေပြီး ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို ဖြစ်နေတာပါ။ ဆက်တိုက် တွေးနေမိခြင်းဟာ စိတ်ကျန်းမာရေးအတွက် အနုတ်လက္ခဏာ ဖြစ်ပြီး မကောင်းတဲ့ အတွေးတွေ ပိုတွေးမိစေနိုင်ပါတယ်။

(၄) ကြွက်သားတွေ တင်းလာမယ်

woman suffering from neck pain and backache

Photo: Freepik

အတွေးဟာ လူကို ထိန်းချုပ်ပါတယ်။ အတွေးလွန်ကဲမှုကြောင့် ကြွက်သားနဲ့ အရိုးအဆစ်တွေ သိသိသာသာ နာကျင်လာပါလိမ့်မယ်။ စိတ်ခံစားချက်ကြောင့် ရုပ်ပိုင်း အပြောင်းအလဲ ထိခိုက်နာကျင်မှုတွေ ကြုံလာပြီဆိုရင် သင့်အတွေးကို စောင့်ကြည့် ရပ်တန့်ဖို့ ကြိုးစားသင့်ပါတယ်။ အကောင်းဆုံးက နေ့တိုင်းအကြောလျှော့ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်နေပါ။

(၅) ပင်ပန်းလွယ်လာမယ်

Woman at office

Photo: Freepik

အလုပ်ကြမ်းတွေ မလုပ်ရဘဲနဲ့ ပင်ပန်းနွမ်းနယ်မှုက ပုံမှန်လို ဖြစ်လာပြီဆိုရင် သတိထားပါ။ ဒါဟာ ဟန်ချက်မမျှ ဖြစ်လာကြောင်း အချက်ပြနေတာ ဖြစ်ပါတယ်။ ပင်ပန်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အိပ်ရေးပျက်တာကနေ အာဟာရချို့တဲ့တာအထိ ပြောစရာတွေ ရှိပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်စောင့်ကြည့်လို့ အတွေးလွန်တာကြောင့် ဖြစ်နေတာဆိုရင် Overthinking အကျင့်ကို နှုတ်ဆက်ဖို့ မမေ့ပါနဲ့။