အားလုံးပဲ မဂ်လာပါနော်…ဒီနေ့မှာတော့ ယနေ့ခေတ်မှာ လုပ်ငန်းခွင်တွေမှာရော တခြားနယ်ပယ်အသီးသီးတွေမှာပါ မရှိမဖြစ် အရေးပါပြီး လူတိုင်းလိုလို သိထားသင့်တဲ့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေ ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတရရှိစေဖို့အတွက် ဒီအကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်နော်။

လူတိုင်းက အနည်းဆုံးတော့ အလုပ်မှာဦးမဆောင်ရရင်တောင် နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ တနေ့တာကိုတော့ ဦးဆောင် စီမံရမှာတော့ မလွဲမသေပါပဲနော်။ ဒါကြောင့် လူတွေကို ဦးမဆောင်ခင်မှာ ကိုယ့်ကိုယ်ကို အရင်ဦးဆောင်နိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ နောက်ပြီး ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်သိတာတတ်တာတွေကို ကိုယ့်ရဲ့လုပ်ငန်းခွင်နယ်ပယ်မှာရော မိတ်ဆွေအပေါင်းအသင်းကြားမှာပါ မျှဝေသင်ကြား ပေးရမှာဖြစ်တဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း မသိတာမတတ်တာတွေကို အမြဲမပြတ်ဖြည့်နေရမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့စီးပွားရေးအတွက်ရော ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲဖို့အတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဝင်မယ့်သူတွေ သာမက လုပ်ငန်းခွင်ဝင်နေတဲ့သူတွေပါ လေ့လာသင်ယူသင့်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ Leadership Management ပတ်သက်ပြီး ခေါင်းဆောင်မှုစွမ်းရည်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ 3I လေး အကြောင်းနဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုစီမံထိန်းချုပ်သင့်သလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

Influence(လွှမ်းမိုးနိုင်အား)

ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ် အလုပ်တစ်ခုမှာပဲဖြစ်ဖြစ် လူတွေကို ဦးဆောင်ရတော့မယ်ဆိုရင် သူတို့အပေါ်မှာ ကိုယ့်ရဲ့ လွှမ်းမိုးနိုင်မှုအားက အရမ်းလိုအပ်ပါတယ်။ အဲဒါကြောင့် လူတွေကို ဘယ်လိုလွှမ်းမိုးရမလဲ အလုပ်ပြီးမြောက်ဖို့အတွက် သူတို့ကို ဘယ်လိုမျိုးဦးဆောင်ရမလဲဆိုတာတွေကို သိရှိဖို့ အရမ်းအရေးကြီးပါတယ်။
ဒါ့အပြင် Influence လုပ်တဲ့အခါမှာလည်း အာဏာတွေ ရာထူးတွေကြောင့် မဟုတ်ပဲ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ Influence လုပ်နိုင်တဲ့ အခြေအနေတစ်ခုကို အရင်ဆုံး ရယူနိုင်အောင် ကြိုးစားတည်ဆောက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ လွှမ်းမိုးနိုင်မှု စွမ်းရည်အပြင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ချယုံကြည်အားကိုးမှုကိုပါ ခံစားရစေမှာပဲဖြစ်ပါတယ်။

Initiative(ညှိုနှိုင်းဆောင်ရွက်နိုင်အား)

လုပ်ငန်းတစ်ခုမှာကိုယ်ကဦးဆောင်ရမယ့် အပိုင်းက တာဝန်ယူထားရပြီဆိုရင် Project တစ်ခု ဒါမှမဟုတ် ပြဿနာတခုဖြစ်လာရင် အရင်ဆုံး ကိုယ်ကိုယ်တိုင် စတင်ပြီး လှုံဆော်ရတာတွေ တွေးတောကြံဆပြီး ညှိနှိုင်းဆောင်ရွက်တာတွေပြုလုပ်ရမှာဖြစ်တဲ့အတွက် Initiative ကလည်း မဖြစ်မနေ လိုအပ်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။

Innovation (တီထွင်ကြံဆနိုင်အား)

တီထွင်ဖန်တီးမှုတွေ ဆန်းသစ်တီထွင်မှုတွေက လျှပ်စစ်ပစ္စည်းတွေ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရမှာပဲ အကြုံဝင်တာမဟုတ်ပဲ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးရဲ့ လားရာတိုးတက်အခြေအနေတွေ Operation Process တွေမှာလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမြဲတမ်းကိုယ့်ရဲ့ လေ့လာသင်ယူမှုတွေ တီထွင်ကြံဆမှုတွေကို တိုးတက်ဆန်းသစ်နေဖို့ အမြဲ ဆန်းစစ်နေရမှာပဲ ဖြစ်ပါတယ်။

Emotional Coaching (ဘုံခံစားမှု)ထိန်းချုပ်ပါ

အားလုံးသိတဲ့အတိုင်း အောင်မြင်နေတဲ့သူတိုင်းက လုံးဝချောမွေ့နေတဲ့ လမ်းကြောင်းကိုပဲ လျှောက်ခဲ့ရတာ မဟုတ်ပါဘူးနော်။ တော်တော်များများက ခက်ခဲကြမ်းတမ်းမှုတွေ ကျရှုံးမှုတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဘာလိုအခြေအနေပဲဖြစ်ဖြစ် စိတ်ဓါတ်မကျပဲနဲ့ ကြိုးစားသင်ယူပြီး ခက်ခဲမှုတွေကို ဖြတ်ကျော်လိုက်ပါ။ ဘယ်လောက်ပဲခက်ခဲနေပါစေ စိတ်ဓါတ်ကျပြီး လဲကျသွားဖို့မဟုတ်ပဲနဲ့ ကိုယ်ဖြစ်ချင်တာကို အာရုံစိုက်ပြီး ပြန်တိုက်ပါ။ ဘာလို့လဲဆိုတော့ ကျရှုံးခြင်းတွေ စိတ်ဓာတ်ကျဆင်းခြင်းတွေအတွက် ဖြစ်နေတဲ့ ခံစားမှုတွေကို အောင်မြင်မှုအတွက် တွန်းအားအဖြစ် ပြောင်းလဲလိုက်ပါ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ခံစားမှုကိုသာ အာရုံစိုက်ပါ။ စိတ်ဓါတ်ကျတာ စိတ်ဖိစီး စိတ်ပျက်အားငယ်တာတွေက ကိုယ့်ရဲ့ ပန်းတိုင် သွားရာလမ်းကြောင်း လုပ်ငန်းခွင်ဘဝရဲ့ အောင်မြင်မှုကို အများကြီး အနှောင့်ယှက်တားဆီးဖြစ်စေတဲ့အတွက် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

ကဲ..MyStyle ပရိသတ်ကြီးတွေအတွက် တကယ်အထောက်အကူဖြစ်စေတဲ့ အကြောင်းအရာလေး ဖြစ်ဖို့မျှော်လင့်ရင်း  ကိုယ်ရောက်ရှိလုပ်ကိုင်နေတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်တိုးတက်တဲ့ ခေါင်းဆောင်ကောင်းတွေ လုပ်ငန်းရှင်တွေ ဖြစ်ပါစေနော်…